ရင်းနှီးမြှုပ်နှံသူများ အတွက် အစိုးရပိုင်မြေများအား နှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးမည် ဖြစ်ကြောင်း သိရ

ရင်းနှီးမြှုပ်နှံသူများ အတွက် အစိုးရပိုင်မြေများအား နှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးမည် ဖြစ်ကြောင်း သိရ
Published 7 November 2016

အစိုးရပိုင်ဆိုင်သည့် မြေများအား နှစ်ပေါင်း ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကျွန်တော်တို့ ပိုင်ဆိုင်တဲ့မြေတွေ ငှားရမ်းလုပ်ကိုင်မယ် ဆိုရင်လည်း သင့်တော်တဲ့ ကာလအပိုင်းအခြားအရ ပထမနှစ် ၅၀၊ ဒုတိယ ၁၀ နှစ်၊ ဒုတိယ ၁၀ နှစ် စုစုပေါင်း နှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့်ကိုလည်း ကျွန်တော်တို့ ပြဋ္ဌာန်းပေးမှာ ဖြစ်ပါတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အဓိက ဝင်ရောက်နိုင်ရေးအတွက် အကြီးဆုံး အတားအဆီး ဖြစ်နေသည့် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများအား လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်မှု မရှိဖြစ်နေသည်။
မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊ မြေကို လက်ကိုင်ထားကာ ဈေးကစားနေပြီး နိုင်ငံခြားမှ အမှန်တကယ် လာရောက်ရင်းနှီး မြှုပ်နှံသူများအတွက် အခက်အခဲဆုံးနှင့် အကုန်အကျ အများဆုံးမှာ မြေနေရာအတွက်ဖြစ်ပြီး အခြားနိုင်ငံများတွင် မြေနေရာမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀  ဝန်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံ၌ ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ ရှိနေဆဲဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Savills မှ အကြီးတန်း မန်နေဂျာ Sushant Bihani က သုံးသပ်ထားသည်။
ဒေသတွင်း နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းသည် တစ်စတုရန်းမီတာလျှင် ပျမ်းမျှ ၆၀၅ ဒေါ်လာဖြင့် အမြင့်ဆုံး ဖြစ်နေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေ၍ ပိုမိုများပြားလာဦးမည့် ရင်းနှီးမြှုပ်နှံမှုများ အတွက် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်နေဆဲဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် အွန်လိုင်း အိမ်ခြံမြေ လုပ်ငန်းစုဖြစ်သည့် House.com.mm က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပျမ်းမျှမြေဈေးသည် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၀၅ ဒေါ်လာဖြစ်နေပြီး မြန်မာနိုင်ငံကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် ပါကစ္စတန်နိုင်ငံ၏ ပျမ်းမျှမြေဈေးမှာ တစ်စတုရန်း မီတာလျှင် ၂၅၈ ဒေါ်လာသာ ရှိနေသည်။ ထို့ပြင် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပျမ်းမျှမြေ ဈေးနှုန်းမှာ တစ်စတုရန်း မီတာလျှင် ၂၀၉ ဒေါ်လာနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပျမ်းမျှမြေဈေးနှုန်းမှာ တစ်စတုရန်း မီတာလျှင် ၂၅၉ ဒေါ်လာသာ ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ပျမ်းမျှမြေဈေးနှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် အမြင့်ဆုံး ဖြစ်နေကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရန် အဓိက အတားအဆီး ဖြစ်နေသည့် မြေဈေးနှုန်း မြင့်မားမှုကို ကျော်ဖြတ်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြေအလကားပေး၍ပင် လုပ်ကိုင်ခွင့် ပြုမည်ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားထားသည်။
“နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လာရင် သူတို့မှာ အဓိကအကျဆုံး၊ အစဉ်းစားဆုံးက မြေယာဈေးနှုန်း မြင့်မားတာ။ ဒါကိုကျွန်တော်တို့ တတ်နိုင်သလောက် လျှော့ချပြီးတော့ လိုအပ်ရင် ကျွန်တော်တို့ အလကားတောင် ပေးပြီးတော့ ထူထောင်ဖို့ ကျွန်တော်တို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရ အဖွဲ့အစည်း အနေနဲ့ နောက်ပိုင်းမှ ပေါ်လစီတစ်ရပ် ချမှတ်ပြီးတော့ လိုအပ်ရင် လိုအပ်သလို ချမှတ်သွားမှာပါ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ မြေနေရာဟာ နှစ်စဉ်နှစ်စဉ် ဘာမှအသုံးမကျဘဲနဲ့ ဒါတို့ပြေ ဒါတို့မြေလို့ အဲဒါကြီးကို ဂုဏ်ယူပြီးတော့ ကြွေးကြော်နေမယ့်အစား ဒီမြေကြီးကနေပြီးတော့ ငွေတစ်ပြား တစ်ချပ်ပဲ ရစေဦးတော့ တို့နိုင်ငံအတွက် အကျိုးဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ပြောင်းလဲပစ်ရပါမယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။