ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိသူများ မိသားစုဝင်ငွေ အထောက်အထားများ အမြန်ဆုံး လာရောက်ပေးပို့ရန် ထုတ်ပြန်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိသူများ မိသားစုဝင်ငွေ အထောက်အထားများ အမြန်ဆုံး လာရောက်ပေးပို့ရန် ထုတ်ပြန်
Published 7 November 2016
နီလာ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် မိမိတို့ ဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မိသားစုဝင်ငွေနှင့် ပတ်သက်ပြီး အထောက်အထားများကို မိမိတို့ စာရင်းဖွင့်လှစ်ခဲ့သည့် CHD ဘဏ်သို့ အမြန်ဆုံး လာရောက်ပေးပို့ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အသိပေးချက် ထုတ်ပြန်ထားသည်။
မြို့ရွာနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်း ငွေစာရင်း (Housing Saving A/C) ဖွင့်လှစ်စုဆောင်းထားသော Customer များအနေဖြင့် မိသားစုဝင်ငွေအတွက် ဝင်ငွေအထောက်အထားများ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာချေးငွေစနစ်ဖြင့် ထုတ်ချေးရန် အရည်အချင်း ပြည့်မီသည့် ငွေစုသူများစာရင်းကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အချိန်မီပေးပို့ရမည် ဖြစ်သောကြောင့် မိမိတို့စာရင်း ဖွင့်လှစ်ခဲ့သည့် CHD ဘဏ်ခွဲအသီးသီးသို့ အောက်ဖော်ပြပါ ဝင်ငွေအထောက်အထား အချက်အလက်များအား လာရောက် ပေးပို့ရမည်ဟု သိရသည်။
အဆိုပါ အချက်များမှာ မိသားစုဝင်ငွေ (Household Income)၊ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံချက်၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကုမ္ပဏီ၏ ထောက်ခံချက်၊ အငြိမ်းစားဖြစ်ပါက ပင်စင်စာအုပ်၊ အခြားသူများဖြစ်ပါက ဝင်ငွေရလမ်းနှင့် သက်ဆိုင်ရာ အထောက်အထားများနှင့် ရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊  အိမ်ထောင်စုဇယားမိတ္တူ စသည်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အစိုးရမှ ရောင်းချပေးမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတ အိမ်ရာများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် မည်သည့် ဘဏ်ခွဲတိုင်းတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings A/C) ကို ကျပ်ငွေတစ်သောင်းမှ စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် ဘဏ်တွင် စုဆောင်းထားရှိရမည် ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းငွေအတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ချေးငွေအတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းက ကျသင့်မည်ဖြစ်သည်။