မူလတန်းကျောင်းသူ ၁၂ ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုဆိုကာ တိုင်တန်းခံရသော မိတ္တီလာမြို့နယ် ဥယျာဉ်ကျေးရွာမှ ကျောင်းဆရာအား အမှု ၁၂ မှု ဖွင့်လှစ်ထား

မူလတန်းကျောင်းသူ ၁၂ ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုဆိုကာ တိုင်တန်းခံရသော မိတ္တီလာမြို့နယ် ဥယျာဉ်ကျေးရွာမှ ကျောင်းဆရာအား အမှု ၁၂ မှု ဖွင့်လှစ်ထား
Published 7 November 2016
ဝဏ္ဏ(မိတ္တီလာ)

မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာ အမက (၁၀၅ ) ကျောင်းမှ ကျောင်းဆရာတစ်ဦးအား မူလတန်းကျောင်းသူ ၁၂ ဦးအား မဖွယ်မရာပြု လုပ်သည်ဟုဆိုကာ တိုင်တန်းမှုဖြစ်ပွားခဲ့သဖြင့် လက်ရှိအချိန်တွင် အမှု ၁၂ မှု ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။“ကျာင်းဆရာကို အမှု ၁၂ မှု ဖွင့်ထားတယ်။ သုံးမှုက ကာယိန္ဒြေပျက်စီးမှု ၃၅၄ နဲ့ ဖွင့်ထားပြီး ကျန်တဲ့ကိုးမှုက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုနဲ့ ဖွင့်လှစ်ထားတာပါ။ ကျောင်းဆရာနဲ့ ကလေး ၁၂ ဦးကို ဆေးစစ်ထားပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် တရားသူကြီးရဲ့ ခွင့်ပြုချက်၊ မိဘတွေရဲ့ခွင့်ပြုချက်ယူပြီး ဆေးစစ်ခဲ့တယ်။ ဆေးစာရရင် အမြန်ဆုံး တရားစွဲတင်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မိတ္တီလာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်စိုးက နိုဝင်ဘာ ၇ ရက်က ပြောကြားသည်။“၃၇၆/၅၁၁ မုဒိမ်းမှုကျူးလွန်ရန် ကြံစည်တဲ့အမှုပေါ့။ ဒီပုဒ်မက အရွယ်မရောက်သေးတဲ့ ကလေးတွေမှာအဖြစ်များတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ခုနစ်နှစ်၊ ရှစ်နှစ်လောက် ချလို့ရတယ်။ အခြေအနေနဲ့ အကြောင်းအရာပေါ်မူတည်ပြီး အမိန့်ချလေ့ရှိကြတယ်။ ၃၅၄ က ကာယိန္ဒြေ ပျက်စီးအောင်လုပ်တဲ့ ပြစ်မှုပေါ့။ ဒီပုဒ်မကလည်း သုံးနှစ်လောက် ချလို့ရတယ်။ ပေါ်ပေါက်ချက်ပေါ်မူတည်ပြီး ပြစ်ဒဏ် အနည်းအများရှိတယ်။ ဒီအမှုက အရွယ်မ ရောက်တဲ့ဖြစ်စဉ်ဖြစ်နေတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက ပြောကြားသည်။