နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၈၀ အထက် ဆက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ရွှေဈေးနှုန်း ကျပ် ၈၈၂၀၀၀ ကျော်သို့ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၈၀ အထက် ဆက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ရွှေဈေးနှုန်း ကျပ် ၈၈၂၀၀၀ ကျော်သို့ ရောက်ရှိ
Published 5 November 2016

နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၈၀ အထက်တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ဈေးမြင့်တက်မှုကြောင့် ရွှေဈေးနှုန်းကျပ် ၈၈၂၀၀၀ ကျော် သို့ရောက်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများ ထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်းသည် နိုဝင်ဘာ ၂ ရက်မှစတင်ကာ ကျပ် ၁၂၉၀ အောက်သို့ ကျဆင်းလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက်အထိ ကျပ် ၁၂၈၀ ကျော်တန်းတွင် ဆက်လက်ရှိနေခြင်း ဖြစ်သည်။ နိုဝင်ဘာ ၂ ရက်တွင် ၁၂၈၆ ကျပ် အထိကျဆင်းခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ၁၂၈၂ ကျပ်အထိ ဆက်လက်ကျဆင်းပြီး နိုဝင်ဘာ ၄ ရက်တွင် ၁၂၇၉ ကျပ်အထိ ရောက်ရှိခဲ့သော်လည်း ညနေပိုင်းတွင် ၁၂၈၂ ကျပ် အထိ ပြန်တက်ခဲ့သည်။ နိုဝင်ဘာ ၅ ရက်တွင်လည်း ကျပ် ၁၂၈၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၁၂၈၁ ကျပ်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ အောက်တိုဘာ ၃၀ ရက်တွင် ၁၂၉၁ ကျပ်၊ အောက်တိုဘာ ၃၁ ရက်တွင် ၁၂၉၁ ကျပ်၊ နိုဝင်ဘာ ၁ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂ ရက်တွင် ၁၂၈၉ ကျပ်၊ နိုဝင် ဘာ ၃ ရက်တွင် ၁၂၈၃ ကျပ်၊ နိုဝင်ဘာ ၄ ရက်တွင် ၁၂၈၂ ကျပ်၊ နိုဝင်ဘာ ၅ ရက်တွင် ဖြစ်ပေါ်သော အနိမ့်ဆုံးနှုန်းမှာ ၁၂၈၁ ကျပ်ဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၂၈၂  ကျပ်ဖြစ်ကြောင်း သိရသည်။
ပြင်ဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြနေသော်လည်း ဗဟိုဘဏ်က ၎င်းင်း၏  ရည်ညွှန်းနှုန်းကို အောက်တိုဘာ ၂၇ ရက်က ဈေးနှုန်းအတိုင်းသာ ဆက်လက်သတ်မှတ် ထားသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှစ၍ နိုဝင်ဘာ ၄ ရက်အထိ ၁၂၈၅ ကျပ်အဖြစ် ခြောက်ရက်ဆက်တိုက် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြား ငွေလဲနှုန်းကျရိပ်ပြနေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပြည်တွင်းရွှေဈေးနှုန်းမြင့် တက်လာသည်။ နိုဝင်ဘာ ၃ ရက်က ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၀၆ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ၁၂၉၇ ဒေါ်လာဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း နိုဝင် ဘာ ၅ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့သည်။ ယခုတစ်ပတ် အမြင့်ဆုံးပြည်တွင်း ရွှေဈေးနှုန်းအဖြစ် နိုဝင်ဘာ ၃ ရက်က ကျပ် ၈၈၅၄၀၀ အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ကျပ် ၈၈၀၀၀၀ ဝန်းကျင် အထိ ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့ဈေး ပြန်လည်မြင့်တက်မှုကြောင့် ကျပ် ၈၈၂၄၀၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။