တောင်သူများ ထုတ်လုပ်မှုစရိတ် ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် စပါးအတိုင်း တင်ပို့ခွင့်ပြုမည်ဟု သိရ

တောင်သူများ ထုတ်လုပ်မှုစရိတ် ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် စပါးအတိုင်း တင်ပို့ခွင့်ပြုမည်ဟု သိရ
Published 4 November 2016
နီလာ

တောင်သူများ၏ ထုတ်လုပ်မှုစရိတ်  ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် စပါးအတိုင်း တင်ပို့ခွင့် ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းနေမှုနှင့်စပ်လျဉ်းပြီး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဆန်စပါးအသင်းအဖွဲ့များ၊ ပြည်ပသို့ ဆန်အများဆုံးတင်ပို့သည့် ကုမ္ပဏီများနှင့် ဆွေးနွေးခဲ့သည်။
ယင်းသို့ ဆွေးနွေးစဉ် လိုအပ်ပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စပါးပြည်ပတင်ပို့ ရောင်းချခွင့်ပြုနိုင်ရေးအတွက် အချိန်ကာလ သို့မဟုတ် တန်ချိန်အကန့်အသတ်ဖြင့် ခွင့်ပြုရန် ဆွေးနွေးသွားမည်ဟု သိရသည်။
တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုကို နိုင်ငံတော်မှ အခြေခံဈေး နှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေး စီမံချက်ဆောင်ရွက်ပေးရန် စဉ်းစားနေကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ထို့ပြင် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေ အရ  ဖွဲ့စည်းထားသော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်း၍ စပါးဝယ်ယူပေးရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အသင်းဝင် ဆန်ကုန်သည်များ၊ Exporters နှင့် ဆန်စက်ပိုင်များမှလည်း တောင်သူများထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်ဆန်စက်ပိုင်များမှ စပါးများဝယ်ယူလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်ပိုင်များက ပေါ်ဆန်းစပါးဟောင်း တင်း ၁၀၀ လျှင် ကျပ်ရှစ်သိန်းခွဲမှ ကိုးသိန်း အထိလည်းကောင်း၊ မနောသုခ စပါးမျိုး တင်း ၁၀၀ လျှင် ကျပ် ၄၂၀၀၀၀၊ ဆင်းသုခ တင်း ၁၀၀ လျှင် ကျပ်လေးသိန်းမှ ၄၁၀၀၀၀၊ ဆင်းသွယ်လတ်မှော်ဘီ-၂၊ ၃ တင်း ၁၀၀ လျှင် ကျပ် ၄၃၀ç၀၀၀၊ သီးထပ်ရင် (အဟောင်း)တင်း ၁၀၀ လျှင် ကျပ်လေးသိန်းခွဲ၊ ပေါ်ဆန်းရင် (အဟောင်း)တင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်းခွဲ ဈေးဖြင့်လည်းကောင်း ဝယ်ယူလျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်ပိုင်များက ရတနာတိုးစပါးတင်း ၁၀၀ လျှင် ကျပ်သုံးသိန်းခု နစ်သောင်းဈေး ဖြင့်လည်းကောင်း၊ မနောသုခစပါးမျိုးတင်း ၁၀၀ လျှင် ကျပ် ၃၆၀ç၀၀၀၊ ဆင်းသုခစပါး တင်း ၁၀၀ လျှင် ကျပ် ၃၆၀ç၀၀၀၊ ရတနာတိုး တင်း ၁၀၀ လျှင် ၃၈၀ç၀၀၀၊ ဆင်းသုခစပါး တင်း ၁၀၀ လျှင် ကျပ် ၃၆၀ç၀၀၀ ဈေးဖြင့် လည်းကောင်း ဝယ်ယူလျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်ပိုင်များကမူ ဧည့်မထစပါး တင်း၁၀၀လျှင် ကျပ်လေးသိန်း၊ ဆင်းသုခ တင်း ၁၀၀ လျှင် ကျပ် ၃၅၀ç၀၀၀၊ မနောသုခ စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်း၊ ပုလဲသွယ်စပါးတင်း ၁၀၀ လျှင် ကျပ် ၄၂၀ç၀၀၀၊ ရွှေဘိုပေါ်ဆန်း(အဟောင်း )စပါးတင်း ၁၀၀ လျှင် ၁၂ သိန်းခွဲဈေးဖြင့် အသီးသီးဝယ်ယူလျက်ရှိကြောင်း နိုဝင်ဘာ ၄ ရက်စွဲဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။