တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Shinhan ဘဏ်၏ ရန်ကုန်ဘဏ်ခွဲ စတင်ဖွင့်လှစ်

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Shinhan ဘဏ်၏ ရန်ကုန်ဘဏ်ခွဲ စတင်ဖွင့်လှစ်
Published 2 November 2016
ထက်ရှိုင်း

ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် ခွင့်ပြုချက် ရရှိထားသည့် ဘဏ်များထဲမှ တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Shinhan Bank ၏ ရန်ကုန်ဘဏ်ခွဲ စတင်ဖွင့်လှစ်သည့် အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ Shinhan ဘဏ် ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်တွင်းနှင့် ပြည်ပဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။“နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ဘဏ်ဝန်ဆောင်မှု ကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ဘဏ်များ အရည်အသွေး တိုးတက်စေဖို့နဲ့ နိုင်ငံတကာ ငွေကြေးနည်းပညာတွေ ရရှိစေဖို့ ပထမအဆင့်မှာ နိုင်ငံခြားဘဏ် ကိုးဘဏ်နဲ့ ဒုတိယအဆင့်မှာ နိုင်ငံခြားဘဏ် လေးဘဏ် စုစုပေါင်း ၁၃ ဘဏ်ကို ခွင့်ပြုပေးခဲ့ပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်အတွက် ဘဏ်လေးခုကို ပဏာမ ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး အဆိုပါ ဘဏ်များမှာ ဗီယက်နမ်နိုင်ငံမှ BIDV (Bank For Investment and Development of Vietnam)၊ ထိုင်ဝမ်နိုင်ငံမှ E.Sun Commercial Bank၊ တောင်ကိုရီးယားနိုင်ငံမှ Shinhan Bank နှင့် State Bank of India တို့ ပါဝင်ကြောင်း သိရသည်။“မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ အစရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပထဝီ အနေအထားအရ ဆက်စပ်နေတဲ့အတွက် အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Shinhan ဘဏ်ရဲ့ အဓိက နည်းပညာဖြစ်တဲ့ အာရှငွေကြေးဈေးကွက်မှာ အောင်မြင်မှု ရရှိဖို့အတွက် အရေးပါတဲ့နိုင်ငံ ဖြစ်ပါတယ်” ဟု Shinhan ဘဏ်၏ ဥက္ကဋ္ဌနှင့် စီအီးအို Mr. Cho Yung Byung က ပြောကြားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ပေးခဲ့ပြီး နိုင်ငံပေါင်း ခြောက်နိုင်ငံမှ ဘဏ်လုပ်ငန်းကိုးခုကို လိုင်စင်ထုတ်ပေးခဲ့သည်။