မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် စိစစ်ခွင့်ပြုရန် ကျန်ရှိနေပြီး ကုန်ထုတ်လုပ်ငန်းများမှ အများဆုံး အဆိုပြုထား

မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် စိစစ်ခွင့်ပြုရန် ကျန်ရှိနေပြီး ကုန်ထုတ်လုပ်ငန်းများမှ အများဆုံး အဆိုပြုထား
Published 2 November 2016
နီလာ

မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီး မြှုပ်နှံရန် အဆိုပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် စိစစ်ခွင့်ပြုရန် ကျန်ရှိနေပြီး ကုန်ထုတ်လုပ်ငန်းများမှ အများဆုံး အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။“ဒီနှစ်ထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ကျန်က ဒေါ်လာ ၁ ဒသမ၂ ဘီလျံလောက် ကျန်သေးတယ်။ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ အကုန်လုံးက Permitted ဖြစ်ချင်မှ ဖြစ်မယ်။ တချို့ဟာတွေက Reject ဖြစ်တာတွေလည်း ရှိတတ်တယ်။ အတည်မပြုတာတွေပေါ့” ဟု ဦးဆန်းမြင့်က ပြောကြားသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံ ဝင်ရောက်ရန် ခန့်မှန်းထားသည်။ သို့သော် ယခုနှစ်တွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဇွန် ၇ ရက်တွင်မှ ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုနိုင်ခဲ့သည်။ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို ပေါင်းစည်းကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀ အဖြစ် အောက်တိုဘာ ၁၈ ရက်မှသာ ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်နှစ်ကထက် များစွာ လျော့နည်းနေကြောင်း သိရသည်။“ဒီနှစ်က နောက်ခြောက်လကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပေါ့။ ဘယ်လိုခေါ်မလဲဆိုတော့ ခြောက်ဘီလျံ ဖြစ်ပေမယ့် Transactional Period ဖြစ်နေလို့ သိပ်မလွယ်လှဘူး။ ဥပဒေကို စောင့်ကြည့်နေတာလည်း ပါတယ်။ တကယ်လို့ နောက်ပိုင်းမှာ အများကြီး ဝင်လာရင်တော့ မပြောတတ်ဘူးပေါ့လေ။ ၁ ဒသမ ၂ ဘီလျံမှာ Proposal အများဆုံးက Manufacturing ကဏ္ဍတွေ များပါတယ်” ဟု ဦးဆန်းမြင့်က ပြောကြားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်း၊ မွေးမြူရေး/ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent