မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး ၁၇ ရက်အကြာ အောက်တိုဘာ ၂၅ ရက်မှာ မောင်တောမြောက်ပိုင်းကို အလှူအဖွဲ့နဲ့ လိုက်သွားပါတယ်။ နံနက် ၁၀ နာရီလောက်မှာ မောင်တောကနေ ထွက်လာခဲ့ပါတယ်။ ကျီးကန်းပြင် ဌာနချုပ်ကိုရောက်တော့ နံနက် ၁၀ နာရီခွဲပါပြီ။ သတင်းပို့ လူစစ်ပြီး ခွင့်ပြုချက်ရဖို့ နှစ်နာရီလောက် စောင့်ခဲ့ရပါတယ်။ မွန်းတည့် ၁၂ နာရီကျော်မှ လုံခြုံရေး ရဲခြောက်ဦးလိုက်ပါပြီး ခရီးစထွက်ပါတယ်။
အကြမ်းဖက်သမားတွေ မီးရှို့ခဲ့တဲ့ ဝါဘိတ်ရွာ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ မောင်နှမစတဲ့ ရွာတွေကို ဖြတ်လာခဲ့ရပါတယ်။ တိုင်းရင်းသားကျေးရွာတွေမှာ အိမ်ခြေ ၁၀၀ သာသာရှိပေမယ့် ဘင်္ဂါလီရွာတွေကတော့ အိမ်ခြေထောင်နဲ့ချီ ရှိနေပါတယ်။ ဘင်္ဂါလီရွာတွေမှာ ခြံစည်းရိုးတွေ ဖွင့်ထားတာကို အထူးအဆန်း တွေ့ရပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေကိုသာ အများဆုံးတွေ့ရကာ အိမ်တံခါးတွေ ပိတ်ထားတာကိုလည်း တွေ့ရပါတယ်။ ကားပေါ်လိုက်ပါလာတဲ့ လုံခြုံရေးရဲတွေကတော့ လက်နက်ကို အသင့်အနေအထား ပြင်ထားပါတယ်။ ဖားဝပ်ချောင်း ရခိုင်ရွာကို မရောက်မီ မောင်နှမရွာ၊ မောင်နှမကြီးရွာ၊ ဖားဝပ်သဲချောင်းရွာဆိုတဲ့ ဘင်္ဂါလီရွာကြီးတွေကို ကျောချမ်းဖွယ် ဖြတ်ခဲ့ရပါတယ်။ ဖားဝပ်ချောင်းရွာကိုရောက်တော့ ကင်းစခန်းကို သတင်းပို့ကြပါတယ်။
ဖားဝပ်ချောင်းကျေးရွာက ကင်းစခန်းမှာ စုထိုင်နေကြတဲ့ သူတွေဆီသွားပြီး ရွာအခြေအနေမေးမြန်းကြည့်တော့ ကိုနိုင်နိုင်က “ကျွန်တော်တို့ရွာ အခြေအနေကတော့ ဘယ်မှအပြင်ထွက်လို့မရဘူး။ ရွာထဲမှာပဲနေရတယ်။ နေ့ဘက်ဆိုရင်လည်း ဒီကင်းရုံမှာစုနေကြပြီးတော့ ညဘက်ဆိုရင် ကင်းအမြဲ စောင့်ရပါတယ်။ လုံခြုံရေးကတော့ ကင်းစခန်းတစ်ခုပဲရှိတယ်။ လုံခြုံရေးက အရင်ရှိခဲ့တဲ့ အတိုင်းပါပဲ မတိုးပါဘူး။ ရွာကထွက်သွားတဲ့
အမျိုးသမီးနဲ့ ကလေးတွေကတော့ ပြန်ရောက်ပြီ။ ရွာမှာက အိမ်ခြေ ၁၀၄ ဆောင်ရှိပြီးတော့ လူဦးရေကတော့ ၄၀၀ ကျော်လောက်ရှိပါမယ်” လို့ပြောပါတယ်။
ကင်းစခန်းရှိတဲ့ ရွာတွေတောင်မှ လုံခြုံရေးစိတ်မချရလို့ ရွာသားတွေ ကိုယ်တိုင် ကင်းစောင့်နေရကြပါတယ်။ ဖားဝပ်ချောင်းရွာကနေ ထွက်တော့ စစ်တပ်ကို ဝိုင်းတိုက်ခံရတဲ့ ရွာတွေကို ဖြတ်ကြရပါတယ်။ ငန်းချောင်းရွာနားမှာတော့ လုံခြုံရေးကားတွေ ဖြတ်လို့မရအောင် သစ်ပင်တွေကိုခုတ်ပြီး လမ်းပေါ်တားထားတာကို တွေ့ရပါတယ်။ ဒါဟာ အောက်တိုဘာ ၁၂ ရက်က ဒီလိုသစ်ပင်တွေ တားထားတယ်။ နောက်နယ်ခြားစောင့်တွေ မရှိတော့တဲ့ ငန်းချောင်းကင်းစခန်းပေါ်ကနေ လှမ်းပစ်တယ်။ အကြမ်းဖက်သမား ၃၀၀ ကျော်လောက်က ဝိုင်းတိုက်ခိုက်လို့ တပ်မတော်သားငါးဦး ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ Facebook မှ အောက်တိုဘာ ၁၂ ရက် နံနက် ၁ နာရီဝန်းကျင် ထုတ်ပြန်ချက်အရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို အကြမ်းဖက် သောင်းကျန်းသူ ၃၀၀ ခန့်က တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်သား လေးဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် ဘင်္ဂါလီတစ်ဦးနဲ့ လက်နက်နှစ်လက်အား သိမ်းဆည်း ရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိကာ လက်နက်နှစ်လက် ပျောက်ဆုံးခဲ့ကြောင်း၊ တပ်မတော်မှ နယ်မြေရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
နောက် ပြောင်ပိုက်ရွာ၊ ကြက်ရိုးပြင်ရွာတွေမှာ နေအိမ်တချို့ မီးရှို့ခံထားရတာ တွေ့ရပါတယ်။ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ မှာ လောင်းဒုံကင်းစခန်းကို ရောက်ပါတယ်။ လောင်းဒုံကင်းစခန်းဟာ ငါးခူရသွားလမ်းနဲ့ မောင်တောမြောက်ဖျားပိုင်းသွားတဲ့ လမ်းခွဆုံမှာ တည်ရှိတာပါ။ ကင်းစခန်းမှာ သတင်းပို့ပြီးတာနဲ့ ဆက်သွားတော့ ကြိမ်ချောင်းရွာကို ရောက်တဲ့အခါ မွန်းလွဲ ၂ နာရီ ထိုးပါပြီ။ ကြိမ်ချောင်းရွာဟာ မောင်တောမြောက်ပိုင်းမှာ အစည်းကားဆုံးရွာ ဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံ၊ နယ်ခြားစောင့် နယ်မြေစခန်း၊ ဌာနဆိုင်ရာ အစုံရုံးစိုက်ရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား နေအိမ်ဟာ ၁၀၀ မပြည့်ပါဘူး။ ဘင်္ဂါလီနေအိမ်တွေက ထောင်ချီရှိပါတယ်။ ကြိမ်ချောင်းရွာမှာ နံနက်စာစားပြီး ဆက်သွားကြပါတယ်။
ကြိမ်ချောင်းရွာနဲ့ တစ်ဆက်တည်း ဘင်္ဂါလီရွာဖြစ်တဲ့ အောင်စစ်ပြင်ကို ဖြတ်ပြီးတဲ့အခါ တောင်ပြိုလမ်းခွဲကို ရောက်ပါတယ်။ အနောက်ဘက်ကိုသွားရင် တောင်ပြိုမြို့ကို ရောက်ပြီး ရှေ့ဆက်မြောက်ဘက်ကို ဆက်တက်ရင်တော့ ဗန္ဓုလအထိ ရောက်ပါမယ်။ မြောက်ဘက်ကို ရှေ့ဆက်တက်တဲ့အခါ ပထမဆုံး တွေ့ရတာက ရန်အောင်ပြင်ဆိုတဲ့ တိုင်းရင်းသားရွာကို တွေ့ပါတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါ ဝက်ကျိန်း၊ ပဒကားရွာသစ်၊ ဒေပါနာလီ၊ သက်ကိုင်ညာ၊ ရေနောက်ငါးသား၊ တမန်းသားရွာတွေကို ရောက်ပါတယ်။ တမန်းသားရွာကို ဖြတ်ပြီးအထွက်မှာတော့ လမ်းကတော်တော်ဆိုးပါတယ်။ တစ်ပါ ကားအမျိုးအစားဖြစ်လို့သာ ရုန်းနိုင်တာပါ။ ခရီးအဆုံးရွာဖြစ်တဲ့ မင်းခမောင်းကို ရောက်တဲ့အခါ ညနေ ၄ နာရီခွဲပါပြီ။
မင်းခမောင်းရွာဟာ မောင်တော မြောက်ဖျားပိုင်းက မြို့ဖြစ်တဲ့ ခမောင်းဆိပ် မြို့နယ်နိမိတ်ထဲ ပါဝင်သွားပါတယ်။ ခမောင်းဆိပ်ဟာ ရွာကြီးတစ်ရွာ ဖြစ်ပြီး မြို့အဖြစ် သတ်မှတ်လိုက်တာလည်း မကြာသေးပါဘူး။ မင်းခမောင်းရွာမှာ ဗန္ဓုလ၊ အောင်သပြေစတဲ့ မြောက်ဖျားပိုင်းက ရွာသားတွေ စောင့်နေကြပြီး အလှူပစ္စည်းတွေဖြစ်တဲ့ ဆန်နဲ့ဆီတွေကို လက်ခံယူကြပါတယ်။
မင်းခမောင်းကျေးရွာမှ ဒေါ်မခင်လှက “အိမ်မှာ အမေမျက်စိမမြင်ဘူး။ မျက်စိကိုဆေးခန်းပြဖို့ သွားရမယ့်ဟာ အခုကားမရှိတော့ မသွားနိုင်ဘူး။ ကားရှိရင်လည်း လုံခြုံရေးပါမှ သွားနိုင်ပါမယ်။ အခုတော့ ရွာပြင်တောင် မထွက်ရဲဘဲ ရွာထဲမှာပဲ ဒီလိုနေရတာပဲ” လို့ပြောပါတယ်။ မင်းခမောင်းကျေးရွာမှာ အိမ်ခြေ ၈၃ ဆောင်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်တာ ဖြစ်ပါတယ်။
“ညဘက်မှာတော့ ရွာသားတွေ၊ ရဲတွေပေါင်းပြီး ကင်းစောင့်ကြတယ်။ ဒီဖြစ်တဲ့နေ့ကတည်းက သွားရေးလာရေး ဘာမှမရှိတော့ မောင်တောနဲ့ ဖုန်းသာ အဆက်အသွယ်ရတယ်။ သွားလာလို့မရဘူး။ ကျောင်းတွေ ပိတ်ထားတယ်။ ကျန်းမာရေး သားဖွားဆရာမလည်း မရောက်ဘူး။ ကျွန်တော်တို့ရွာမှာ အဓိကလိုအပ်နေတာက လယ်ယာမဲ့သူတွေပေါ့။ အဓိက စားရေးသောက်ရေး ခက်ခဲနေတယ်။
အသက်ကြီးပိုင်းတွေ ဆေးခန်းပြနေရတဲ့လူတွေ သွားလာမရ ဖြစ်နေတယ်” လို့ မင်းခမောင်းရွာသား ကိုထွန်းထွန်းအေးက ပြောပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ ယခင် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုနဲ့ လုံးဝမတူဘဲ အကြမ်းဖက်သမားများ လက်ထဲမှာ သေနတ်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုပင် တိုက်ခိုက်မှုတွေ ရှိနေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ကာ ရွာပြင်မထွက်ရဲကြဘဲ မောင်တောမြောက်ပိုင်းနဲ့ မောင်တောမြို့ကို ဆက်သွယ်သွားလာဖို့ လုံး၀ မဖြစ်နိုင်သေးပါဘူး။ ယင်းသို့သွားလာမရ ဖြစ်နေပြီး ရွာထဲမှာ ပိတ်မိနေတဲ့ တိုင်းရင်းသား ကျေးရွာသားများအဖို့ ရိက္ခာပြတ်လပ်နေတာတွေရှိလို့ အနယ်နယ်အရပ်ရပ်က အလှူအဖွဲ့တွေ မောင်တောမြို့က တစ်ဆင့် သွားရောက် လှူဒါန်းတဲ့အခါမှာလည်း ကျီးကန်းပြင် နယ်ခြားစောင့် ရဲဌာနချုပ်ကို သတင်းပို့ စစ်ဆေးခံပြီးမှ လုံခြုံရေး အစောင့်အရှောက်တွေနဲ့သာ သွားလာနေရတာ ဖြစ်ပါတယ်။
“ဒေသခံတွေ အနေနဲ့ သွားလာဖို့ ဆိုတာမှာလည်း သက်ဆိုင်ရာ လုံခြုံရေးကို အသိပေးပြီးမှ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးအဖွဲ့တွေ တစ်ဆင့်ပြီးတစ်ဆင့် အသိပေးပြီး လုံခြုံမှု အဆင်ပြေမှသာ မြောက်ပိုင်းဘက်ကလူတွေ သွားလာလို့ရတယ်။ ကိုယ့်သဘောနဲ့ကိုယ် သွားလာလို့ အဆင်မပြေဘူး။ အလှူ အဖွဲ့တွေကလည်း ရိက္ခာသွားပေးမယ်ဆိုရင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးကို အကြောင်းကြားပြီး သူတို့ကတစ်ဆင့် ဌာနချုပ်ကို သတင်းပို့ပြီးတော့ လုံခြုံရေး ဆောင်ရွက်ပေးဖို့ ဆောင်ရွက်ပေးတာရှိတယ်။ လောလောဆယ်ကတော့ ဘင်္ဂါလီတွေငြိမ်ရင် ဒေသငြိမ်နေတယ်။ သူတို့ဆူရင် ဒေသဆူတယ်။ အကြမ်းဖက်သမား ဆိုတာကလည်း ခွဲခြားပြောဖို့ ခက်တယ်။ ဒေသမှာနေတဲ့ ဘင်္ဂါလီတွေအားလုံး ကလေးကအစ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့နေရတာပဲ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောပါတယ်။
မောင်တောမြောက်ဖျားပိုင်းက ရွာပြင် ထွက်သွားလာ မရဖြစ်နေတဲ့ ကျေးရွာတွေဆီကို အရေးပေါ် ကူညီထောက်ပံ့ရေး ကော်မတီက (မောင်တောမြို့)က ခက်ခက်ခဲခဲ သွားရောက် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ အရေးပေါ် ကူညီထောက်ပံ့ရေး ကော်မတီ (မောင်တောမြို့) ကို Eleven Media Group နဲ့ အလှူရှင်တွေက ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။ အချိန်က ညနေဘက် ရောက်နေပြီဖြစ်လို့ အပြန်ခရီးမှာ စိုးရိမ်စရာဖြစ်လာလို့ အလျင်အမြန် လှူဒါန်းမှုတွေ ပြုလုပ်ပြီး ပြန်လာခဲ့ပါတယ်။ မိုးကလည်း တဖွဲဖွဲရွာနေတာကြောင့် လမ်းကလည်း ချောပါတယ်။
အပြန်ခရီးမှာ အလျင်အမြန် မောင်းလာပေမယ့် တမန်းသားရွာကို ရောက်တဲ့အခါ ညနေ ၅ နာရီခွဲပါပြီ။ တမန်းသားရွာမှာ ဆေးပေးခန်းလည်း ပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။ ရဟတ်ယာဉ်နဲ့ ခေါ်ယူခဲ့ရတဲ့ ဝန်ထမ်းတွေ ပြန်မလာနိုင်သေးပါဘူး။ ကြိမ်ချောင်းရွာကို ရောက်တဲ့အခါ လုံခြုံရေးစခန်းကို သတင်းပို့ရပါတယ်။ ကားသမားကတော့ မောင်တောအထိ မပြန်ရဲတော့ဘူးလို့ ပြောလာပါတယ်။ ဒါပေမဲ့ လုံခြုံရေးပါလာတာတဲ့ နယ်ခြားစောင့် ရဲခြောက်ဦးအပြင် ကြိမ်ချောင်းစခန်းက နောက်ထပ် လုံခြုံရေး ရှစ်ဦးထပ်ဖြည့်ပါတယ်။ ကြိမ်ချောင်းရွာ လမ်းဆုံမှာ အသင့်စောင့်နေတဲ့ ကလေးတွေ၊ အမျိုးသမီးတွေကို တွေ့ရတော့ မောင်တောကို လိုက်မယ်လို့ ပြောပါတယ်။ ညဘက်ကြီး မလိုက်ပြန်ရင်လည်း ကားကြုံမရှိလို့ မောင်တော မရောက်နိုင်ဘူးလို့ ပြောပါတယ်။ သူတို့ကိုပါ ကားပေါ်တင်ပြီး ဖြတ်လာတော့ လောင်းဒုံကင်းစခန်းကို ရောက်တဲ့အခါမှာ လုံခြုံရေးအရ စိုးရိမ်စရာအနေအထား ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
ညနေ ၅ နာရီကတည်းက ဘင်္ဂါလီရွာတွေမှာ စုရုံးပြီး အသံအမျိုးမျိုးနဲ့ ဆူညံနေကြတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအချင်းချင်း သတင်းပို့နေတုန်း ကားကိုရပ်ပြီး စောင့်နေကြရပါတယ်။ ကင်းစခန်းကလည်း သေနတ် လေးချက်ခန့် မိုးပေါ်ထောင် ပစ်ပါတယ်။ ဒါပေမဲ့ ည ၈ နာရီသာ ထိုးသွားတယ်။ လောင်းဒုံကနေ ကျီးကန်းပြင်အထိ ဖြတ်သွားရမှာ လမ်းမှာ အန္တရာယ်ရှိနိုင်တာကြောင့် လောင်းဒုံရွာမှာ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ လောင်းဒုံရွာရဲ့ညဟာ တော်တော် ရှည်လျားလွန်းပါတယ်။
“ကျွန်တော်တို့ရွာမှာဆို နယ်ခြားစောင့် ရှစ်ယောက်ရှိတယ်။ အဲဒီရှစ်ယောက်လည်း သူ့ဟာသူတောင် မလုံမခြုံနဲ့။ ဆူဆူပူပူဖြစ်ရင် သူတို့လည်း ရွာထဲဝင်ပြေးလာတယ်။ ဒီလို အခြေအနေမျိုးမှာ ရွာသားတွေက လုံခြုံတယ်လို့ ဘယ်လိုမှ မခံစားရဘူး။ ကောင်းကောင်း အိပ်ရတဲ့ည တစ်ညမှမရှိသေးဘူး။ ရွာမှာက ညတိုင်း ကင်းစောင့်နေရတယ်။ အလှည့်ကျ ကင်းစောင့်ရတယ်။ အလှည့်မကျတဲ့ သူတွေကလည်း နိုးနိုးကြားကြားနဲ့။ စိတ်ချလက်ချ အိပ်နိုင်တဲ့ အနေအထားမရှိသေးဘူး။ နယ်ခြားစောင့် ဖြစ်စေ။ တခြားဖြစ်စေ။ ကျွန်တော်တို့ ကျေးရွာတွေကို ၁၀ ဦးထက် မနည်းဘဲ ၂၀ လောက်အထိ လုံခြုံရေး ချပေးပြီးတော့ လုံခြုံရေးကင်းစခန်း အဆောက်အအုံတွေ ခိုင်ခိုင်မာမာ လုပ်ပေးစေချင်တယ်။ ကျေးရွာမှာရှိတဲ့ အရွယ်ရှိတဲ့ ယောက်ျားတွေကို စစ်သင်တန်း ပေးပြီးတော့ လက်နက်တွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားရင်လည်း သိမ်းထား။ အဲဒီလိုမျိုး အရန်အင်အားနဲ့ ထားပြီးနေမှ လုံခြုံမှုလို့ ကျွန်တော်တို့ထင်တယ်” လို့ လောင်းဒုံကျေးရွာသား ကိုကျော်ဝင်းက ပြောပါတယ်။
ကျွန်တော်တို့အလှူအဖွဲ့တွေက တစ်ဖွဲ့က ဘုန်းကြီးကျောင်း၊ နောက်တစ်ဖွဲ့ကနေ အိမ်တွေမှာအိပ်ဖို့ နေရာချထားပေမယ့် စိတ်မလုံခြုံတာကြောင့် အိမ်သားတွေနဲ့ စကားပြောလို့ ညတာကို ဖြတ်သန်းခဲ့ရပါတယ်။
လက်ရှိ အနေအထားမှာ စပါးတွေ ရိပ်သိမ်းချိန် ရောက်နေပေမယ့် ဘယ်လိုရိပ်သိမ်းရမလဲ ဆိုတာကို စဉ်းစားမရ ဖြစ်နေတယ်လို့ေ ပြောပါတယ်။ ဒါ့အပြင် မီဒီယာတွေက ထုတ်လွှင့်ချက်တွေဟာ အမှားဖြစ်နေတယ်လို့ ပြောပါတယ်။
“အခု စပါးတွေရိတ်ရတော့မယ်။ ကျွန်တော်တို့က ရွာကနေ အဝေးကို သွားလို့မရဘူး။ ဘင်္ဂါလီတွေက တိုင်းရင်းသားရွာနားအထိ လာလုပ်တယ်။ အခု မီဒီယာတချို့က ထုတ်လွှင့်တာ ကြားပါတယ်။ ဘင်္ဂါလီ စိုက်ခင်းတွေကို တိုင်းရင်းသားတွေသွားပြီး ဖျက်ဆီးပါတယ်ဆိုပြီး ပြောတယ်။ ဘယ်တိုင်းရင်းသားမှ ဘင်္ဂါလီရွာနားကို သွားပြီး မဖျက်ဆီးရဲကြဘူး။ သူတို့သာ ကျွန်တော်တို့ရွာနား လာတာ။ သူတို့ရွာနားကို ဘယ်သူမှသွားပြီး မဖျက်ဆီးဘူး။ ဖားဝပ်ချောင်းတို့၊ အောင်မင်္ဂလာရွာတို့မှာ တိုင်းရင်းသား စိုက်ခင်းတွေကို သူတို့သာ မမှည့်သေးတဲ့ စပါးခင်းတွေမှာ ငါးရှာတယ်။ ကျွဲတွေ၊ နွားတွေ ကျွေးလိုက်တယ်။ မဟုတ်တဲ့ သတင်းတွေကို လွှင့်နေကြတယ်။ အမှန်က ကျွန်တော်တို့ ဒုက္ခရောက်နေကြတာ” လို့ ကိုကျော်ဝင်းက ပြောပါတယ်။
မနက်မိုးလင်းတော့လည်း ငါးခူရဘက်က နယ်မြေမှူးကို စောင့်ရင်း နံနက် ၈ နာရီခွဲမှ ထွက်လာရပါတယ်။ လောင်းဒုံရွာသားတွေက မနက်မိုးလင်းတာနဲ့ ရွာနားကင်းစခန်းအနီးမှာ ဝမ်းစာအတွက် ပုရစ်တူးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ လမ်းတစ်လျှောက် လယ်ကွင်းတွေ၊ တောင်ကမူတွေပေါ်မှာ နေအိမ်တွေ ဆောက်လုပ်နေကြတာတွေကို တွေ့ခဲ့ရပါတယ်။
မောင်တောနယ်စပ်မှာ တိုင်းရင်းသား ကျေးရွာတွေ ဆက်လက်ရပ်တည်ဖို့ ဆိုတဲ့အခါမှာ တိုင်းရင်းသား ကျေးရွာတွေကို အိမ်ခြေ ၁၀၀ ထက်မနည်းတဲ့ရွာတွေ အဖြစ်လုပ်ရပါမယ်။ နောက်ပြီး တိုင်းရင်းသားရွာတွေမှာ လုံခြုံရေးစခန်းတွေ အခိုင်အမာ အဆောက်အအုံတွေ တည်ဆောက်ပြီး အင်အား ၂၀ အထိ ချထားပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေကို သေနတ်ကိုင်တတ်အောင် သင်ပေးရပါမယ်။ လမ်းပန်း ဆက်သွယ်ရေးအတွက် တိုင်းရင်းသား ကျေးရွာချင်း ဆက်လမ်းဖောက်လုပ်ပေးဖို့ လိုသလို ဘင်္ဂါလီရွာတွေကို ကားလမ်းက ခွာပေးဖို့ စီစဉ်ပေးသင့်ပါတယ်။ နောက်ကျေးရွာတွေမှာ ကုန်စုံဆိုင်ကြီးတွေနဲ့ အလှည့်ကျ
ဈေးတွေချပေးရပါမယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ဦးစားပေးဖို့ လိုပါတယ်။ ဒါမှအနောက်ဘက်တံခါးမှာ ဒေသကို စောင့်နေကြတဲ့သူတွေ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။










