မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပျောက်ဆုံးနေသော အရပ်သား သုံးဦး ရက် ၂၀ ကြာသည်အထိ ပြန်မတွေ့သေး

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပျောက်ဆုံးနေသော အရပ်သား သုံးဦး ရက် ၂၀ ကြာသည်အထိ ပြန်မတွေ့သေး
Published 30 October 2016
သားရွှေဦး (ကစ္ဆပ)

မောင်တောအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ရွက်ညိုတောင်ကျေးရွာသို့ သွားမည်ဟု ပြောဆိုပြီး ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသားသုံးဦး ပျောက်ဆုံးနေသည်မှာ ရက် ၂၀ ထိကြာပြီ ဖြစ်သော်လည်း ပြန်မတွေ့သေးကြောင်း သိရသည်။ပျောက်ဆုံးနေသူ သုံးဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်းမှ အသက် ၁၈ နှစ်အရွယ် ညီချေ (ခ) လှထွန်းအေး၊ အသက် ၁၉ နှစ်အရွယ် ဝင်းမောင်သိန်းနှင့် စံပ္ပါယ်ပင်ရင်း ကျေးရွာမှ အသက် ၃၀ အရွယ် သိန်းထွန်းဆိုသူတို့ဖြစ်ကြောင်း သိရသည်။ရွက်ညိုတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီက “သူတို့က အောက်တိုဘာ ၇ ရက်က ရွာကနေ ဖားဝပ်ချောင်းကို အလည်သွားပါတယ်။ ၉ ရက် နံနက်ပိုင်းမှာ ပြဿ နာဖြစ်တော့ ဖားဝပ်ချောင်းမှာ သောင်တင်သွားတယ်။ အောက်တိုဘာ ၁၁ ရက်ကျတော့ သူတို့ ရွက်ညိုတောင်ရွာကို ဆိုင်ကယ်ပြန်သွားတယ်လို့ ဖားဝပ်ချောင်းရွာသားတွေက ပြောပါတယ်။ ရွာကိုရောက်သလားလို့ မေးပါတယ်။ ရွာကိုပြန်မရောက်တော့ တခြား ဘယ်ရွာကို ရောက်နေလဲ ဆိုတာကို တခြားရွာတွေဆီ မေးမြန်းကြည့်ပါသေးတယ်။ သူတို့ ပျောက်တာနဲ့ ပတ်သက်ပြီး စခန်း (၁၂) ရွက်ညိုတောင်စခန်းကို တိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်နေတဲ့ အခါကျတော့ သူတို့လည်း ထိထိရောက်ရောက်သွားပြီး စုံစမ်းတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ရွာမှာက လုံခြုံရေးက ၂၀ လောက်ပဲ ရှိတော့ ဖြန့်ကြက် သွားဖို့ လာဖို့က အခက်အခဲနဲ့ စုံစမ်းဖို့ မဖြစ်နိုင်သေးပါဘူး။ အုပ်ချုပ်ရေးမှူးတွေနဲ့ပဲ အဆက်အသွယ်လုပ် မေးမြန်းတာ လုပ်ပါတယ်။ ဖားဝပ်ချောင်းရွာနေ ရွက်ညိုတောင်ကြားမှာဆိုရင် ဖားဝပ်ချောင်း ဘင်္ဂါလီရွာ၊ ငန်းချောင်း၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ ရေတွင်းကျွန်း အဲဒီ ဘင်္ဂါလီရွာ ငါးရွာကို ဖြတ်ပြီးမှ ကျွန်တော်တို့ရွာကို ရောက်မှာပါ” ဟု ပြောကြားသည်။ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးတို့ ရွက်ညိုတောင်ကျေးရွာသို့ ရောက်ရှိလာစဉ် ပျောက်ဆုံးနေသည့် ရွာသားသုံးဦးကို ရှာဖွေပေးရန် တင်ပြခဲ့ကြောင်း သိရသည်။“အစိုးရအဖွဲ့ ရောက်လာတော့ တင်ပြပါတယ်။ ကွပ်ကဲရေးမှူး သူရစန်းလွင်ကတော့ ထိထိရောက်ရောက် စုံစမ်းပေးပါ့မယ်လို့ ပြောသွားပါတယ်။ အခုဆိုရင် ရက် ၂၀ ကြာသွားပါပြီ။ သတင်း အစအန မရသေးပါဘူး။ မိသားစုကတော့ ပူပင်သောက ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ သွားပြီး စုံစမ်းဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အကုန်လုံး ဘင်္ဂါလီရွာတွေ ဖြစ်နေတော့ လုံခြုံရေးနဲ့သွားမှ ရပါမယ်” ဟု ၎င်းက ပြောကြားသည်။“ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက် အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီက ထွက်သွားတာ သက်ဆိုင်တဲ့ ကျေးရွာတွေကို ပြန်မရောက်တာ ဖြစ်ပါတယ်။ လမ်းမှာ ပျောက်သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အတွင်းကျကျ စုံစမ်းပါတယ်။ သတင်း အတိအကျ မရပါဘူး။ ဖားဝပ်ချောင်းနဲ့ ရွက်ညိုတောင်ကြားမှာ ငန်းချောင်း၊ ရေတွင်းကျွန်း၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင် ဆိုတဲ့ ဘင်္ဂါလီရွာကြီးတွေ ရှိတယ်” ဟု ရွက်ညိုတောင် နယ်ခြားစောင့် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။