ဦးနေဝင်း၏ မြေးနှစ်ဦးက ရှမ်းပြည်နယ်တွင် Solar Energy နှင့် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ကိုင်လိုကြောင်း ပြည်နယ်အစိုးရထံ တင်ပြထားဟု ဆို

ဦးနေဝင်း၏ မြေးနှစ်ဦးက ရှမ်းပြည်နယ်တွင် Solar Energy နှင့် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ကိုင်လိုကြောင်း ပြည်နယ်အစိုးရထံ တင်ပြထားဟု ဆို
Published 30 October 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တွင် Solar Energy နှင့် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ကိုင်လိုကြောင်း ဦးနေဝင်း၏ မြေးနှစ်ဦးဖြစ်သော ဦးဇွဲနေဝင်းနှင့် ဦးကျော်နေဝင်းတို့သည် ရှမ်းပြည်နယ် အစိုးရထံ တင်ပြထားကြောင်း သတင်းရရှိသည်။ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လေယာဉ်ကွင်း တည်ဆောက်လိုသဖြင့် ဦးဇွဲနေဝင်းနှင့် ဦးကျော်နေဝင်းတို့သည် ပြည်နယ် အစိုးရအဖွဲ့ထံ အောက်တိုဘာ ၂၇ ရက်က လာရောက် တင်ပြခဲ့တာဖြစ်ပြီး၊ နောက်တစ်ခုမှာ ရှမ်းပြည်နယ်တွင်း Solar Energy မီး ရရှိစေရန်လည်း ဆောင်ရွက်လိုသဖြင့် တင်ပြထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။“အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက ဇွဲနေဝင်း၊ ကျော်နေဝင်းတို့ လေးဦး ရှမ်းပြည်နယ် အစိုးရရုံးကို ရောက်လာတယ်။ မူဆယ်မှာ လေယာဉ်ကွင်း တည်ဆောက်ဖို့နဲ့ ဆိုလာအင်နာဂျီ ရရှိဖို့ ဆောင်ရွက်လိုကြောင်း လာရောက် တင်ပြထားတယ်ပေါ့။ လေယာဉ်ကွင်း ဆောက်ဖို့ကတော့ ပြည်ထောင်စု အစိုးရထံကို တင်ပြရမယ်။ တပ်မတော်ရဲ့ သဘောထား မှတ်ချက်ကိုလည်း တောင်းခံရဦးမယ်။ ဆိုလာအင်နာဂျီ စနစ်ကတော့ Green Energy ဆိုတော့ ဘာမှတော့ အပြစ်ပြောစရာ တစ်ခုမှ မရှိဘူးလေ။ လုပ်ငန်းဆောင်ရွက်မယ်ဆိုရင် ညှိနှိုင်းပေးရုံပဲပေါ့။ လေယာဉ်ကွင်းကတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဆုံးဖြတ်ပေးလို့ မရဘူးလေ” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် လေယာဉ်ကွင်း တည်ဆောက်ရန် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဟောင်း ဦးစိုင်းအိုက်ပေါင်းရဲ့ ရွှေရှမ်းပြည် ကုမ္ပဏီနှင့် New Star Light ကုမ္ပဏီတို့ကလည်း ယခင်အစိုးရ လက်ထက် ကတည်းက တင်ပြထားကြောင်း၊ ယခု အစိုးရသစ် လက်ထက်တွင်လည်း ထပ်မံ တင်ပြထားကြောင်း ဝန်ကြီးက ဆိုသည်။မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ရန် အစီအစဉ် မရှိသေးကြောင်း၊ နောက်တစ်ခုမှာ အတားအဆီး အခက်အခဲများ များပြားသဖြင့် မဖြစ်နိုင်သေးကြောင်း၊ လေကြောင်းဦးစီးဌာနမှ ပြန်ကြားခဲ့ပြီး၊ ရှမ်းပြည်နယ် အစိုးရအနေဖြင့် သဘောထားမှတ်ချက်ပေးရန် မရှိဘဲ၊ စီမံကိန်း အကြီးစားများကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခွင့်ပြုရတာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရကို လုပ်ငန်းညှိနှိုင်း တောင်းဆိုလာလျှင် မြေယာကိစ္စ၊ သစ်တောကိစ္စ၊ အရှိအရှိအတိုင်း ထိခိုက်မှုများနှင့် ဒေသခံတွေရဲ့ အမြင်သဘောထားများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရထံ တင်ပြရကြောင်း၊ ထို့ပြင် မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သဖြင့်၊ စစ်ရေးနှင့် ကာကွယ်ရေး သဘောထား အမြင်တွေ လိုအပ်တာကြောင့် တပ်မတော် တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းတိုင်ပင်ကာ၊ ဆောင်ရွက်ရမည် ဖြစ်သဖြင့် တပ်မတော်၏ သဘောထားလည်း လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။ရှမ်းပြည်နယ်တွင်းရှိ ခရိုင် ၁၃ ခု၊ ၅၅ မြို့နယ်တွင် လျှပ်စစ်မီး မရသေးသော ကျေးလက်ဒေသပေါင်း များစွာ ကျန်ရှိနေပြီး၊ ပြည်နယ်တွင်း လျှပ်စစ်မီး ရရှိရန် Solar System Energy ဖြင့် လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ခြင်းသည် ယခုတစ်ကြိမ်သည် ပထမဆုံး ဆိုလာကုမ္ပဏီ ဖြစ်လာမည်ဟု သိရသည်။