အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ အတည်ပြုမည့် UPDJC အစည်းအဝေး ယနေ့ကျင်းပမည်

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ အတည်ပြုမည့် UPDJC အစည်းအဝေး ယနေ့ကျင်းပမည်
Published 27 October 2016
ချမ်းဝေစိုး

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ အတည်ပြုမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအား ယနေ့ (အောက်တိုဘာ ၂၈ ရက်) ၌ နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေး၌ သဘောတူထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအတွက် မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည့်ဒေသများ၊ ဆွေးနွေးမည့် ခေါင်းစဉ်များအား ဆွေးနွေးအတည်ပြု သွားမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
"နိုင်ငံရေးဆွေးနွေးမှု မူဘောင်မှာ နည်းနည်းသဘောတူထားတဲ့ အချက်တွေရှိတယ်။ နောက်ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လုပ်ငန်းလမ်းညွှန် ရေးဆွဲထားတာ အဆင်ပြေတယ် ဆိုရင်တော့ အဲဒီမှာ အတည်ပြုဖို့ ရှိတယ်ပေါ့။ မူဘောင်မှာရထားတဲ့ ရလဒ်တချို့ရယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလုပ်မယ် ဆိုတဲ့ဟာတွေပေါ့" ဟု UPDJC  အတွင်းရေးမှူးအဖွဲ့ ဝင် ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
ထို့အတူ လူမှုရေးကဏ္ဍတွင် ပါဝင်သည့် ခေါင်းစဉ်တစ်ခုဖြစ်သော "ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ" ကိုလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမှုပြုခြင်း မပြုခြင်းနှင့် ပတ်သက်၍လည်း UPDJC အစည်းအဝေးတွင် တင်ပြဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးကဏ္ဍတွင် ပါဝင်သည့် ခေါင်းစဉ်များအား ပြည်ထောင်စုအဆင့်တွင်သာ ဆွေးနွေးမည်ဖြစ်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ ချပေးသွားမည် မဟုတ်ကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားထားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား နိုဝင်ဘာလတွင် ကျင်းပရန် လျာထားပြီး ပဋိပက္ခကြီးမားစွာ မရှိသော ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စတင်ကျင်းပရန် လျာထားကာ အပြီးသတ် အတည်ပြုချက်အား UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။
ထိုသို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား ဒေသခွဲ၍ မပြုလုပ်ဘဲ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကျင်းပပေးနိုင်ရန် UPDJC အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း UPDJC အဖွဲ့ဝင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောကြားထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေးအပြီး ထပ်မံကျင်းပမည့် ညီလာခံမတိုင်မီ ကြားကာလ ခြောက်လတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပရန် စီစဉ်ထားကာ နိုင်ငံရေးကဏ္ဍ၊  လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍတို့နှင့် ဆက်စပ်သည့် ခေါင်းစဉ်ခွဲများကို အဆိုပါ ဆွေးနွေးပွဲ သုံးရပ်တွင် ခွဲဝေဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။         
 

Most Read

Most Recent