၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု ယခင်နှစ် ကာလတူထက် တန်ဖိုးဒေါ်လာ ၁၈၄ သန်းကျော် လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု ယခင်နှစ် ကာလတူထက် တန်ဖိုးဒေါ်လာ ၁၈၄ သန်းကျော် လျော့ကျ
ကျောက်မျက်ရတနာ ပြပွဲတစ်ခုတွင် ပြသထားသည့် ကျောက်စိမ်းများအား တွေ့ရစဉ်
ကျောက်မျက်ရတနာ ပြပွဲတစ်ခုတွင် ပြသထားသည့် ကျောက်စိမ်းများအား တွေ့ရစဉ်
Published 27 October 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် တန်ဖိုးဒေါ်လာ ၁၈၄ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု အနေဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အောက်တိုဘာ ၂၁ရက်အထိ ကျောက်စိမ်း တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၃၂၁ဒသမ၇၃၇ သန်းရရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာ နှစ် ကာလတူက တန်ဖိုးဒေါ်လာ ၅၀၆ ဒသမ ၃၅၀ ရရှိခဲ့သဖြင့် ယခုနှစ် လက်ရှိအချိန်အထိ ကျောက်စိမ်းတင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၄ ဒသမ ၆၁၃ သန်း လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ကျောက်စိမ်းတင်ပို့မှု၌ နှစ်စဉ် ဒေါ်လာတစ်ဘီလျံကျော်သည်အထိ တင်ပို့နိုင်ခဲ့သည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို မြန်မာနိုင်ငံသားများ အတွက်သာ ဖြစ်သော်လည်း တရုတ်နိုင်ငံသားများနှင့် တရုတ်ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်နေကြသည်။ ထို့ပြင်တူးဖော်နေသည့် အခြားကျောက်စိမ်း ကုမ္ပဏီများဖြစ်သည့် ခရိုနီကုမ္ပဏီ၊ တပ်မတော်၏ အကျိုးစီးပွားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများဖြစ်ပြီး အဆိုပါ ကုမ္ပဏီများ၏ ကျောက်စိမ်းကို  အဆမတန် တူးဖော်နေမှု၊ ကျောက်တူးဖော်ရာမှ စွန့်ပစ်မြေစာကို စနစ်တကျ မပုံသဖြင့် မြေစာပုံပြိုကျမှုကြောင့် ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးရမှုမှာ ရာနှင့်ချီ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေ၊ မိုးညှင်းရတနာနယ်မြေ၊ မိုးကုတ်ရတနာနယ်မြေ၊ မိုင်းရှူးရတနာနယ်မြေ၊ နန့်ယားဆိပ် ရတနာနယ်မြေဟူ၍ လုပ်ကွက်များ သတ်မှတ်ကာ လုပ်ကိုင်ခွင့်ပြုခဲ့သည်။
သို့သော် လုံးခင်း၊ ဖားကန့်နှင့်အခြား ရတနာနယ်မြေများရှိ ကျေက်မျက်တူးဖော်ရေး လုပ်ကွက် ၉၅၀ ကျော်မှာ နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။