NLD အစိုးရ၏ လုပ်ဆောင်ချက်များသည် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေရဆဲ ဖြစ်ကြောင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အစိုးရအား ပံ့ပိုးမှု၊ ဝန်းရံမှုတို့ဖြင့် အတတ်နိုင်ဆုံး အကူအညီပေးရန် ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦး ပြောကြား

NLD အစိုးရ၏ လုပ်ဆောင်ချက်များသည် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေရဆဲ ဖြစ်ကြောင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အစိုးရအား ပံ့ပိုးမှု၊ ဝန်းရံမှုတို့ဖြင့် အတတ်နိုင်ဆုံး အကူအညီပေးရန် ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦး ပြောကြား
Published 27 October 2016
ငြိမ်းဇော်လင်း၊ ချမ်းဝေစိုး

NLD ဦးဆောင်သည့် အစိုးရ၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေရဆဲဖြစ်ကြောင်းနှင့် မိမိတို့ပါတီ အနေဖြင့်လည်း ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အစိုးရအား ပံ့ပိုးမှု၊ ဝန်းရံမှုတို့ဖြင့် အတတ်နိုင်ဆုံး အကူအညီပေးသွားရန် ဆုံးဖြတ်ထားကြောင်း SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ၂၈ နှစ်မြောက် အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။“ပြည်သူတွေက ရွေးချယ်ပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေကို လေ့လာကြည့်ရင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေကိုလည်း ခင်ဗျားတို့ ရိပ်မိမှာပါ။ ကျွန်တော်တို့ပါတီ အနေနဲ့လည်း အကျိုးစီးပွား တစ်စုံတစ်ရာအတွက် မဟုတ်ဘဲ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ဝန်းရံမှုတွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးသွားဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေမှာလည်း အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တချို့စစ်ရေးကိစ္စတွေကတော့ ကျွန်တော်တို့ မတတ်နိုင်တာတွေ ရှိနေပါတယ်ဆိုတာ ဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။ထို့အတူ စစ်ဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ဖြစ်နိုင်သလောက် ဦးဆောင်ကူညီမှု ရှိခဲ့ကြောင်း၊ သို့ရာတွင် ကန့်သတ်မှုတွေကြောင့် အပြည့်အ၀ အကူအညီ မပေးနိုင်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နိုင်ငံရေးအရ ကြိုးပမ်းမှုများကိုလည်း လုပ်ဆောင်နေကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း ပါတီအနေဖြင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် အဓိကနေရာမှ ဆောင်ရွက်နေကြောင်း ဦးခွန်ထွန်းဦးက ဆက်လက်ပြောကြားသည်။“ဒီနေ့ အခြေအနေကို သုံးသပ်ရရင် လိုအပ်ချက်အရ မဟုတ်ဘဲ ဖြစ်နေတဲ့ စစ်ပွဲတွေ တွေ့နေရသလို မဖြစ်မနေ ဆင်နွှဲနေရတဲ့ စစ်ပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။ စစ်ရေးအရ တင်းမာမှုတွေကိုလည်း ကြားမြင်နေရပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ကာလမှာ လိုအပ်ချက်တွေအရ မဟုတ်တဲ့ စစ်ပွဲတွေကိုလည်း ရပ်စဲသင့်တယ်လို့ ပြောကြားချင်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးကို ယုံယုံကြည်ကြည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။ထို့အတူ ပြည်တွင်းတွင် ဖြစ်ပေါ်နေသော လိုအပ်ချက်အရ မဟုတ်သည့် စစ်ပွဲများကို ရပ်တန့်ကြရန် တိုက်တွန်းကြောင်း ပြည်တွင်းအဖွဲ့အစည်းများနှင့် စစ်ရေးတင်းမာနေမှုများကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် ဆွေးနွေးဖြေရှင်းခြင်း နည်းလမ်းကိုသာ အသုံးပြုသင့်သည်ဟု သဘောထားရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၂၈ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။ထို့ပြင် ထုတ်ပြန်ချက်တွင် တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး တုံ့ဆိုင်းနေမှုများ အပေါ်လည်း ပူပန်မှုများ ရှိနေကြောင်း၊ ကုစားမှုများ အမြန်ဆုံး ပြုသင့်သည်ဟု ယူဆပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်နိုင်ရေးကိုလည်း ဆောင်ရွက်သင့်ပါကြောင်း၊ တစ်ပါတီတည်း ရပ်တည်သော မူဝါဒကို မယုံကြည်သောကြောင့် မဟာမိတ်ဖွဲ့စည်းခြင်း မူဝါဒကို အလေးအနက်ထားပါကြောင်းနှင့် ပြည်ထောင်စု အရေးများကို မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၂၈ နှစ်မြောက် အခမ်းအနားသို့ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုစကားပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

Most Read

Most Recent