ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး အနိုင်ရအောင် လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးဆို

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး အနိုင်ရအောင် လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးဆို
အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် NLD ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ နာယက ဦးတင်ဦး အမှာစကား ပြောကြားစဉ်
အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် NLD ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ နာယက ဦးတင်ဦး အမှာစကား ပြောကြားစဉ်
Published 27 October 2016
မျိုးမင်းထက်

လာမည့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံး အနိုင်ရအောင် လုပ်ရမည်ဟု မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်သည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး   လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။တွေ့ဆုံပွဲ၌ ဦးတင်ဦးက “အင်မတန်မှ ပြည်သူလူထုက ချစ်လွန်းလို့၊ သဘောကျလွန်းလို့၊ စာနာထောက်ထားလွန်းလို့၊ အင်မတန်မှပဲ သူတို့ ဒုက္ခသုက္ခပေါင်းစုံက လွတ်မြောက်ရအောင်ဆိုတဲ့ စိတ်ဓာတ်နဲ့ တစ်ခဲနက် မဲပေးလို့လည်း ဒီနေ့အချိန် ရောက်လာတာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ စည်းလုံးညီညွတ်မှုကို အားပြုပြီးတော့ အခြားအခြားသော ရွေးချယ်ခြင်း မခံရသော အဖွဲ့အစည်းတွေထဲက ယခင်တုန်းက အာဏာရှိပြီးတော့ ယခုအခါ ဖွဲ့စည်းတဲ့အခါမှာ မပါတဲ့ ပုဂ္ဂိုလ်တွေကိုတောင်မှ သဘောထားကြီးကြီးနဲ့ ပါဝင်ပြီး ဖွဲ့စည်းပြီးတော့ စည်းလုံးညီညွတ်မှုကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာဖြစ်တယ်။ ပြီးတော့ အချင်းချင်း သဟဇာတဖြစ်ခြင်း၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဆိုတဲ့ ငြိမ်းချမ်းသော အစဉ်ကိုင်တွယ်ပြီးတော့လည်း ဥက္ကဋ္ဌ ဟိုတုန်းက အခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံခေါင်းဆောင်၊ နောက်ပြီးတော့မှ နိုင်ငံခြားရေး ဝန်ကြီးပေါ့။ ဒါတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ သဘောထားကြီးကြီးနဲ့ ဖွဲ့စည်းလိုက်တဲ့ အခါမှာလည်း အားလုံး လွှတ်တော်မှာလည်းပဲ တိုင်းရင်းသားတွေပါသလို အရင်တုန်းက အတိုက်အခံဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ပါသလို အထိုက်အလျောက် ပါဝင်ပြီးတော့ စည်းလုံးညီညွတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကြောင့်မို့လည်း ဒီနေ့မှာလည်းပဲ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ခေါင်းဆောင်ဟာ အင်မတန်မှ လုံးပန်းကြိုးပမ်းနေပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ မနားမနေ ကြိုးပမ်းပါတယ်” ဟု ထည့်သွင်းပြောကြားသည်။ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ရှေ့မှာ အခုလာမှာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ကြားဖြတ်ရွေးကောက် ပွဲလာဦးမယ်။ ကြားဖြတ်ရွေးကောက်ပွဲ မလာခင်မှာ ခင်ဗျားတို့ကို စိန်ခေါ်ဦးမယ်။ အဲဒါတွေနဲ့ ပတ်သက်တာကို စိတ်တည်တည်ငြိမ်ငြိမ်လေး ထားပြီးတော့ ကျွန်တော်တို့အဖွဲ့မှာ ချထားတဲ့ မူတွေအရ အစဉ်ငြိမ်းချမ်းသောနည်းနဲ့ အစဉ်လက်ကမ်းသော နည်းနဲ့၊ အစဉ်စေ့စပ်ဖြေရှင်းသော နည်းနဲ့၊ အချင်းချင်းတွေ့ဆုံ အဖြေရှာသောနည်းနဲ့၊ ငြိမ်းချမ်းသောနည်းလို့ ဆိုထားပြီးသား ဖြစ်တဲ့အတွက် ဘာမှ ပူစရာ မလိုပါဘူး။ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ပြောခဲစေ၊ ဆိုခဲစေ ဒါပေမဲ့ ပြောရင်ဆိုရင် တကယ်ဖြစ်အောင်လုပ်တယ်။ ကျွန်တော် တစ်ခါတုန်းက သံသယဖြစ်ခဲ့တယ်။ သူက ပြောတာက တစ်ပြည်လုံး အတိုင်းအတာနဲ့ ပတ်သက်ပြီးတော့ ရနိုင်တယ်လို့ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ သုံးပုံ၊ နှစ်ပုံလောက် ရရင် တော်ပါပြီလို့ အောက်မေ့လို့ ပြောမိသေးတယ်။ ဒါပေမဲ့လို့ အကုန်လုံး သိမ်းကျုံးပြီးရတယ်။ မှန်ပါတယ်။ အခုလည်းပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြောပြန်ပြီ။ အကုန်လုံး ရအောင် လုပ်ရမယ်လို့ ပြောထားတာပါပဲ။ ဒီတော့ ကျွန်တော်တို့အကုန်လုံး ရအောင် ကြိုးစားဖို့ လိုလာတယ်။ အကုန်လုံး ရအောင်လုပ်မယ်လို့ ဆိုခဲ့လို့ ရှိရင်လည်း ကျွန်တော်တို့က စည်းလုံးညီညွတ်မှုကို ပြနိုင်မှ ပြည်သူလူထုဟာ ယုံကြည်မှာ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး လစ်လပ်သည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုးနေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ခုနစ်နေရာတို့၌ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။ဆက်လက်ပြီး NLD နာယက ဦးတင်ဦးက အဖွင့်အမှာစကား နိဂုံးချုပ်၌ “ကြားဖြတ်အရေးမှာလည်းပဲ ရွေးကောက်ပွဲမှာ NLD သည် ၁၀၀ အောင်တယ်ဆိုတာ မြင်ချင်တယ်။ ၂၀၂၀ ကျရင်လည်းပဲ ကျွန်တော်တို့ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒီအခါမှာလည်းပဲ အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့အတွက် ယခုကတည်းကစပြီး ခင်ဗျားတို့အားလုံး ခတ်ကွင်းပြင်ကြပါ။ ညီညွတ်တဲ့ခတ်ကွင်းကို တပ်ဆင်ပြီးတော့ ချီတက်ကြပါ။ လှော်ကြပါလို့ လေးလေးနက်နက်ပြောရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြောကြားသည်။ထို့အတူ NLD မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က “ကြားဖြတ်ရွေးကောက်ပွဲကတော့ သာမန်ပဲပြောလိုက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကို အကုန်ဝင်မှာ။ အကုန်နိုင်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ယေဘုယျလောက်ပဲ ပြောလိုက်တယ်။ အသေးစိတ် မပြောဘူး” ဟု တွေ့ဆုံပွဲအပြီး မီဒီယာများကို ပြောကြားသည်။

Most Read

Most Recent