နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ
Published 25 October 2016
မျိုးမင်းထက်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ဗီယက်နမ်သမ္မတ မစ္စတာကျန်းဒိုက်ကွမ်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၅  မိနစ်ခန့်တွင် ဆိုက်ရောက်ခဲ့ပြီး လေဆိပ်တွင် ဗီယက်နမ်နိုင်ငံ၊ Minister of Education and Training ဖြစ်သူ H.E. Mr. Phung Xuan Nha၊ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများက ခရီးဦး ကြိုဆိုခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်နှင့် တစ်ဆက်တည်း (၈) ကြိမ်မြောက် CLMV၊ (၇) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးများနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်-မဲခေါင် ညီလာခံသို့လည်း တက်ရောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဟနွိုင်းမြို့ လေဆိပ်တွင် ဗီယက်နမ်နိုင်ငံ Minister of Education and Training ဖြစ်သူ H.E. Mr. Phung Xuan Nha၊ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများက ခရီးဦးကြိုဆိုနေကြစဉ် (Photo - Myanmar President Office Facebook)
သမ္မတဦးထင်ကျော်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ MR NGUYEN THANH VINH တို့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
၂၀၁၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံသည့် ပြည်ပနိုင်ငံများ စာရင်းတွင် ၁၀ နိုင်ငံမြောက်၌ ရပ်တည်နေကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ ယခုနှစ် ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၉၉ သန်းရှိကြောင်း သိရသည်။