နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးအဖြစ် တစ်ဒေါ်လာ ကျပ် ၁၃၀၀ နီးပါးသို့ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးအဖြစ် တစ်ဒေါ်လာ ကျပ် ၁၃၀၀ နီးပါးသို့ ရောက်ရှိ
Published 25 October 2016
စည်သူအောင်

အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးအဖြစ် တစ်ဒေါ်လာ ကျပ် ၁၃၀၀ နီးပါးသို့ ရောက်ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၇၀၀၀ ကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
အောက်တိုဘာ ၂၀ ရက်နှင့် အောက်တိုဘာ ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာ ကျပ် ၁၂၉၀ စံချိန်ကို အောက်တိုဘာ ၂၅ ရက်တွင် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၄ ရက်တွင် ၁၂၈၅ ကျပ်ဖြင့် ဈေးဖွင့်ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၁၂၉၀  အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁၂၉၀ ဖြင့်ပင် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၉၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ ကာ ညနေပိုင်းတွင် ၁၂၉၃ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ပြင်ပငွေလဲနှုန်းမြင့် တက်မှုကြောင့် ပို့ကုန်ရငွေ (earning) ဒေါ်လာဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်က ပို့ကုန်ရငွေ တစ်ဒေါ်လာလျှင် ၁၃၀၂ ကျပ်ခန့်အထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ၁၃၀၅-၁၃၀၆  ကျပ်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက်အမြင့် ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ အောက်တိုဘာ ၁၉ ရက်တွင် ၁၂၈၇ ကျပ်၊ အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၁၂၉၀ ၊ အောက်တိုဘာ ၂၁ ရက်တွင် ၁၂၈၉ ကျပ်၊ အောက်တိုဘာ ၂၂ ရက်တွင် ၁၂၈၈ ကျပ်၊ အောက်တိုဘာ ၂၃ ရက်တွင် ၁၂၈၆ ကျပ်၊ အောက်တိုဘာ ၂၄ ရက်တွင် ကျပ် ၁၂၉၀၊ အောက်တိုဘာ ၂၅ ရက်တွင်ဖြစ်ပေါ်သော အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ်  ၁၂၉၀ ဖြစ်ပြီး အ မြင့်ဆုံးနှုန်းမှာ ၁၂၉၅ ကျပ်ဖြစ်ရာ နှစ်ရက်အတွင်း ကိုးကျပ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြင်ပငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၅ ရက် တွင် ကျပ် ၁၂၈၀ အဖြစ် သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်တွင် ၁၂၅၉ ကျပ်၊ အောက်တိုဘာ ၁၉ ရက်တွင် ကျပ် ၁၂၇၀၊ အောက်တိုဘာ ၂၀ ရက်တွင် ၁၂၇၂ ကျပ်၊ အောက်တိုဘာ ၂၁ ရက်နှင့် အောက်တိုဘာ ၂၄ ရက်တွင် ၁၂၇၅ ကျပ်၊ အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁၂၈၀ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ၁၂၆၇ ဒေါ်လာဝန်းကျင်တွင် ရှိနေပြီး ယခင်ရက်များနှင့် နှိုင်းယှဉ် ပါက သိသိသာသာ မြင့်တက်မှု မရှိသော်လည်း နိုင်ငံခြားငွေလဲနှုန်း  ဆက်လက် မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၇၀၀၀ ကျော်အထိ ရောက်ရှိလာသည်။ အောက်တိုဘာ ၂၄ ရက်က ကျပ် ၈၆၆၉၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၃၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ရွှေဈေးနှုန်းသည် အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၈၇၇၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၆၉၀၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။