ရှမ်းပြည်နယ် NLD ခေါင်းဆောင်ပိုင်း ရာထူးမှ ထုတ်ပယ်ခံရသည့် ကိစ္စအား အယူခံခုံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့က ဦးဝင်းထိန်အား စတင်စစ်ဆေး

ရှမ်းပြည်နယ် NLD ခေါင်းဆောင်ပိုင်း ရာထူးမှ ထုတ်ပယ်ခံရသည့် ကိစ္စအား အယူခံခုံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့က ဦးဝင်းထိန်အား စတင်စစ်ဆေး
Published 25 October 2016
ဇေယျာထွန်း

ရှမ်းပြည်နယ် NLD ခေါင်းဆောင်ပိုင်း ရာထူးမှ ထုတ်ပယ်ခံရသည့် ကိစ္စအား NLD အယူခံခုံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့က ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အား အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်က စတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
"အခုဟာက ဒေါ်ခင်မိုးမိုးကို ကျွန်တော်တို့က အရေးယူထားတာ သူတို့ကို။ အလုပ်အမှုဆောင် ကော်မတီအစား အရေးယူခဲ့တယ်။ သူတို့က အယူခံဝင်တယ်။ အယူခံဝင်တာကို ဥပဒေကြောင်းအရ ပြောနေလို့ လေတွေရှည်နေတာ မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်မှာ။ ကျွန်တော်ပြောတာက ဒေါ်ခင်မိုးမိုးက ပါတီအပေါ်မှာ သစ္စာမရှိဘူး။ ပါတီစည်းကမ်း ဖောက်တယ်။ ပြည်နယ်ဥက္ကဋ္ဌတာဝန် မကျေဘူး။ အဲဒါကြောင့် ဥပဒေကြောင်းအရ အရေးယူတာကို သူကဥပဒေကြောင်းအရ လျှောက်မေးနေတော့ လေရှည်တာပေါ့။ သက်သေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ လာလိမ့်မယ်" ဟု ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ဦးဝင်းထိန်အား စစ်ဆေးရန် ကျန်ရှိနေသည့်အတွက် အောက်တိုဘာ ၂၅ ရက် (ယနေ့) တွင် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ပြီး ဦးဝင်းထိန်ဘက်မှ ဦးစိုင်းလုံစံခတ် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဖိုးမောင် (ဖယ်ခုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးနေမျိုး (ညောင်ရွှေပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးဇော်မင်းလတ် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာဒေါ်သန်းငွေ (တောင်ကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊  ဒေါ်စန်းစန်းမော်တို့ ခြောက်ဦးအား အယူခံခုံရုံး စုံစမ်းဆေးရေးအဖွဲ့သို့ သက်သေအဖြစ် တင်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ် NLD ပါတီမှ ဖယ်ရှားခံရသူ ဒေါ်ခင်မိုးမိုးက "မနက်ဖြန်မှာ ဦးဝင်းထိန်ကိုပဲ ဆက်စစ်ရဦးမှာ။ ဦးဝင်းထိန်ကို ကျွန်မဒေါ်ခင်မိုးမိုးကို စွပ်စွဲတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ အဓိက ထွက်ချက်ပေးသွားပြီ။ ကျွန်မက ပြန်လှန်မေးနေတယ်။ သူမူလက စွပ်စွဲချက်တွေကို အတည်ပြုသွားတာ။ သူ့ကို တောင်ကြီးက သူတွေကတစ်ဆင့် ပြောလိုက်တယ်။ သူ့ကိုလွှတ်တော် အမတ်တွေကတစ်ဆင့် ပြောလိုက်တယ်။ လွှတ်တော်အမတ်တွေရဲ့ တင်ပြတဲ့ စာရွက်စာတမ်းတွေကို သက်သေခံသွင်းပါတယ်။ ကျွန်မက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အတွက် စစ်ဆေးရေး အဖွဲ့တွေက လက်မခံပါဘူး။ သက်သေပါတဲ့သူတွေကိုယ်တိုင် ရုံးရှေ့မှာ ထွက်ဆိုတဲ့အခါကျမှ ဒါတွေကို လက်ခံပေးမယ်။ ကျွန်မကန့်ကွက်တာကို ဒီအဖွဲ့က လက်ခံပါတယ်။ အယူခံခုံရုံးက စစ်ဆေးချက်က မျှတပါတယ်။ အတတ်နိုင်ဆုံးတော့ မျှတအောင် လုပ်ပေးပါတယ်။ ဦးဝင်းထိန် ပြောသွားတာက ဒီကိစ္စရှင်းနေတဲ့ကိစ္စကို ဥပဒေကြောင်းအရ၊ တရားဥပဒေအရ လာပြီးတော့ ရစ်နေတယ် ဆိုတာမျိုးပြောတယ်" ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် အမိန့်ချမှတ်မည် ဖြစ်သော်လည်း စီအီးစီအဖွဲ့က ပြစ်ဒဏ်အား အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်း အယူခံခုံရုံးအဖွဲ့ဝင် ဦးကျော်ဟိုးက ပြောကြားသည်။
ဆက်လက်၍ "ဒေါ်ခင်မိုးမိုးအမှုကို စ စစ်တာပေါ့။ အယူခံခုံရုံးရဲ့လုပ်ပိုင်ခွင့်က ပြောလို့မရဘူး။ အခြေအနေပေါ် ကြည့်ရတယ်။ လောလောဆယ် ကျွန်တော်တို့က အယူခံအမှုကို တစ်ခါတည်း ဆုံးဖြတ်လိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်က မဆုံးဖြတ်ဘူးဆိုတာက လိုအပ်တဲ့ အထောက်အထားတွေရှိတယ်။ တစ်ဖက်ကိုလည်း အခွင့်အရေးပေးတယ်။ ဒါကို ကျွန်တော်တို့ကပဲ ဆုံးဖြတ်ရမှာပါ။ စီအီးစီကတော့ အတည်ပြုပေးရတာပေါ့။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အပေါ်မှာ စီအီးစီက ပြစ်ဒဏ်ကို အတိုးအလျှော့ လုပ်လို့ရတယ်" ဟု ဦးကျော်ဟိုးက ပြောကြားသည်။
အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အား အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦး (မန္တလေးတိုင်း NLD ဥက္ကဋ္ဌ)၊ ဦးကျော်ဟိုး (တရားလွှတ်တော် ရှေ့နေ)၊ ဒေါ်လဲ့လဲ့စသည့် သုံးဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။         

Most Read

Most Recent