သက်ငယ်မုဒိမ်း ထိထိရောက်ရောက် ကာကွယ်ဖို့ လိုပြီ

သက်ငယ်မုဒိမ်း ထိထိရောက်ရောက် ကာကွယ်ဖို့ လိုပြီ
Published 23 October 2016
ဉာဏ်ဝင်းရှိန်

မြန်မာနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလက စပြီး စက်တင်ဘာလကုန်အထိ မုဒိမ်းမှုပေါင်း ၇၆၁ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ မှုခင်း အချက်အလက်တွေအရ သိရပါတယ်။ ဒီအထဲမှာမှ သက်ငယ်မုဒိမ်းမှုတွေက ထက်ဝက်ကျော် ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနက တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။အခုနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီး ပြည်နယ်တွေမှာ သက်ငယ်မုဒိမ်းမှုတွေ ပိုအဖြစ်များလာပါတယ်။ ဒါဟာ ကလေးငယ်တွေအတွက်သာမက မိဘတွေ အတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။ သက်ငယ် မုဒိမ်းမှုတွေကို လျော့ကျသွားအောင် တားဆီးကာကွယ်ဖို့အတွက် အသိပညာပေး ဟောပြောမှုတွေကို ပိုပြီး လုပ်ဆောင်ဖို့အတွက် လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။“မုဒိမ်းမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သက်ငယ်မုဒိမ်းလို့ ပြောရင်ရပါတယ်။ အခု ဒီ ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလကုန်အထိ မုဒိမ်းမှုပေါင်း ၇၆၁ မှု ရှိတယ်။ အဲဒီထဲမှာမှ သက်ငယ်မုဒိမ်းမှုက ၄၆၁ မှု ရှိတယ်ဆိုတော့ မုဒိမ်းမှုတွေရဲ့ ထက်ဝက်ကျော်လို့ပြောရင် ရပါတယ်။ သက်ငယ်မုဒိမ်းတွေ တိုးလာရတဲ့ အကြောင်းတွေက အများကြီး ရှိတယ်လို့ ကောက်ချက်ချနိုင်တယ်။ နောက်တစ်ခုက အရင်ကဆိုရင် မုဒိမ်းမှုတွေဖြစ်ရင် အသက် ၁၄ နှစ်အောက်မှ သက်ငယ်မုဒိမ်းမှုလို့ သတ်မှတ်တယ်။ အခုကျတော့ ဥပဒေက အသက် ၁၆ နှစ်အောက်ဆိုရင် သက်ငယ်မုဒိမ်းမှုလို့ ပြင်ဆင်လိုက်တဲ့အတွက် ပိုတိုးလာတဲ့သဘောလည်း ရှိပါတယ်” လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ အစိုးရ လက်ထက်က လွှတ်တော်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ အဆိုတစ်ခု တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မဲခွဲဆုံးဖြတ်တဲ့ နေရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ တားဆီးချင်ရင် ကြီးလေးပြင်းထန်တဲ့ ဥပဒေတစ်ရပ်နဲ့ပဲ တားဆီးလို့ ရပါလိမ့်မယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်တွေအတွက် ဘဝတစ်လျှောက်လုံး ကုစားလို့ မလွယ်တဲ့ စိတ်ဒဏ်ရာတွေ ရရှိသွားနိုင်ပါတယ်။ သူတို့ ဘဝကို ရှေ့ဆက်ဖို့ စိတ်ဓာတ်ခွန်အားတွေနဲ့ ပြန်လည်တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် သူတို့အတွက် ကုစားဖို့ အခြေအနေတစ်ခု လုပ်ဆောင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။အခုနောက်ပိုင်းမှာ ကလေးသူငယ် မုဒိမ်းမှု ကျူးလွန်မှုတွေထဲမှာ အဖေအရင်းက သမီးကို ကျူးလွန်တဲ့ ဖြစ်ရပ်တွေလည်း ရှိသလို ဆွေမျိုးသားချင်း မကင်းတဲ့ သူတွေက ကျူးလွန်တဲ့ သူတွေလည်း ရှိနေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းမှာ ရှက်စရာအကောင်းဆုံး လုပ်ရပ်တစ်ခုလို့ ရှုမြင်ရမှာပါ။ သက်ငယ်မုဒိမ်းမှုတွေ လျှော့ဖို့ဆိုရင် ပြည်သူတွေကြားထဲမှာ ပညာပေး ဟောပြောဖို့ လိုအပ်သလို ပြစ်မှုကျူးလွန်တဲ့ သူတွေကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့ ကလေးသူငယ် မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဘက်က ဥပဒေအရ လိုက်လံဆောင်ရွက် ကူညီပေးနေတဲ့ NGO တစ်ခုဖြစ်တဲ့ Legal Clinic Myanmar က ဒါရိုက်တာ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။“သက်ငယ်မုဒိမ်းမှုတွေ လျော့ကျသွားဖို့ အတွက် ဥပဒေရဲ့ တားမြစ်ချက်တွေ သိဖို့အတွက် အသိပညာပေး ဟောပြောမှုတွေကို လူထုကြားမှာ ပိုသိအောင် လုပ်ရမှာပါ။ နောက်တစ်ခုက ပြစ်ဒဏ်ကျူးလွန်တဲ့ သူတွေကိုလည်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ လိုပါလိမ့်မယ်” လို့ ရှေ့နေ ဒေါ်လှလှရီက မှတ်ချက်ပေးပါတယ်။ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက သက်ငယ်မုဒိမ်းမှုတွေကို စီရင်ချက် ချမှတ်တဲ့ နေရာမှာ ဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ငွေများ တရားနိုင်ဆိုတဲ့ စကားလိုပဲ အချို့ ငွေကြေးတတ်နိုင်တဲ့ ကျူးလွန်သူတွေက ငွေကြေးနဲ့ လာဘ်ထိုးတာမျိုးကြောင့် ပြစ်ဒဏ်က လျော့ကျသွားတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ဒါမျိုး မဖြစ်ရအောင် တရားသူကြီးတွေ အနေနဲ့ မှန်ကန်ဖြောင့်မတ်စွာနဲ့ တရားစီရင်ဖို့ အရေးကြီးပါတယ်။ ထိခိုက် နစ်နာတဲ့သူက မိန်းကလေး ဖြစ်တဲ့အပြင် အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ဖြစ်တဲ့အတွက် ပြစ်မှုထင်ရှားရင် ကျူးလွန်သူကို ဥပဒေရဲ့ သတ်မှတ်ချက်အရ အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။Legal Clinic Myanmar က ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက “သက်ငယ်မုဒိမ်းမှုတွေ စီရင်ချက်ချတဲ့ နေရာမှာ ကျူးလွန်တဲ့ သူအပေါ်လည်း မူတည်တာပေါ့။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်မတို့ အနေနဲ့ ရန်ကုန်မှာ စုစုပေါင်း သက်ငယ်မုဒိမ်းမှုပေါင်း ၁၀ မှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တယ်။ အဲဒီအမှုတွေထဲမှာ ဆိုရင် အဖေအရင်းက ကျူးလွန်တဲ့အမှု ဆိုရင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်တယ်။ တချို့အမှုတွေက ငါးနှစ်ချတယ်။ ခုနစ်နှစ် ချမှတ်ထားတဲ့ အမှုတွေ ရှိတယ်ပေါ့နော်။ ပြစ်ဒဏ်တွေကတော့ ကျူးလွန်တဲ့ အနေအထားနဲ့ ပြစ်ဒဏ်ထင်ရှားမှုပေါ် မူတည်တာပေါ့။ ဒါပေမဲ့ သက်ငယ်မုဒိမ်းတွေမှာဆိုရင် ကျွန်မတို့ တွေ့ရထားသလောက် တော်တော်များများက ပြစ်မှုထင်ရှား တယ်ဆိုရင် ပြစ်ဒဏ်တွေက မြှင့်ချတာ တွေ့ရတယ်ပေါ့” လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ တိုးပွားလာရတဲ့ အခြေခံ အကြောင်းတရားတွေထဲမှာ ဆင်းရဲမွဲတေမှု၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းဗွီဒီယိုတွေက အဓိက အနေနဲ့ ပါဝင်နေတယ်ဆိုတာ ငြင်းမရတဲ့ အချက်တွေပါ။ မိဘတွေ အနေနဲ့ စားဝတ်နေရေး ပြေလည်ဖို့အတွက် အပြင်မှာ စီးပွားရှာတဲ့ အချိန်မှာ အိမ်မှာရှိတဲ့ ကလေးတွေကို ဂရုမစိုက်အားတာမျိုးလည်း ရှိပါတယ်။ နောက်တစ်ခုက မလုံခြုံတဲ့ နေအိမ်တွေရဲ့ အနေအထားတွေကြောင့် ဘေးကနေ မြင်တွေ့နေတဲ့ မသမာသူတွေက ကျူးလွန်တာမျိုးလည်း ရှိတယ်လို့ ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။“သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားမှုတွေကို ကျွန်မတို့ လေ့လာတော့ ဆင်းရဲမွဲတေမှုကို အခြေခံပြီး နေထိုင်တဲ့ အိမ်အဆောက်အအုံရဲ့ မလုံခြုံတဲ့ အပေါ်မှာ ဘေးအိမ်ကနေမြင်ပြီး ကျုူးလွန်တာတွေ ရှိသလို၊ မိဘတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက် ကလေးတွေကို ဂရုမစိုက်နိုင်တဲ့ အခါမှာ အချောင်သမားတွေက ကလေးတွေကို ကျူးလွန်တာတွေလည်း ရှိပါတယ်” လို့ ၎င်းက ဆိုပါတယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက “သက်ငယ်မုဒိမ်းမှုတွေ လျှော့ချဖို့ဆိုရင် မိဘတွေ အနေနဲ့လည်း ကိုယ့်ကလေးကို အိမ်နီးနားချင်း ခင်မင်ရင်းနှီးတဲ့ သူတွေဆိုပြီး စိတ်မချထားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအမှု ဖြစ်စဉ်တွေမှာ ကျူးလွန်တဲ့ သူတချို့က အသက်ကြီးတဲ့သူတွေ၊ ပတ်ဝန်းကျင်မှာ အများ ယုံကြည်တဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် မိဘတွေ အနေနဲ့ကလည်း ကိုယ့်ကလေးကို ဘယ်သူနဲ့မှ စိတ်ချလက်ချ မထားခဲ့သင့်ပါဘူး” လို့ မှတ်ချက်ပေးပါတယ်။ဒါ့အပြင် သက်ငယ်မုဒိမ်းမှုတွေထဲမှာ ကလေးချင်းဖြစ်ပွားတဲ့ အမှုတွေလည်း ပါဝင်နေပါတယ်။ အချို့ ၁၃ နှစ်၊ ၁၄ နှစ် အရွယ် မြီးကောင်ပေါက်အရွယ် လူငယ်တွေကလည်း လက်တည့်စမ်းချင်တဲ့ သဘောအရ အနီးအနား ပတ်ဝန်းကျင်က မိန်းကလေးငယ်တွေကို ပစ်မှတ်ထား ကျူးလွန်တတ်ကြပါတယ်။ ဒီလို အမှုတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ညီအစ်ကိုနှစ်ဦးက အသက် ကိုးနှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညစ်ညမ်း ဗွီဒီယိုတွေ ပြသပြီး အဓမ္မ ပြုကျင့်တဲ့ အမှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုမှာဆိုရင် အသက် ၂၀ အရွယ် အစ်ကိုနဲ့ ၁၅ နှစ်အရွယ် ညီတို့က ပါဝင်ခဲ့တာပါ။ ညီဖြစ်တဲ့သူက အသက်မပြည့်သေးတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ (မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှု) နဲ့ ကလေးသူငယ် တရားရုံးမှာ တရားရင်ဆိုင်ခဲ့ပါတယ်။ဒီအမှုကို ကိုးလကျော်ကြာ စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ မောင် ..... (၁၅ နှစ်) က ပြစ်မှု ထင်ရှားတဲ့အတွက် ဒဂုံမြို့နယ် ကလေးသူငယ် တရားသူကြီးက ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဂ) အရ သုံးနှစ်အတွင်း ကလေးသူငယ် ကြီးကြပ်သူရဲ့ ကြီးကြပ်စီမံမှုကို ခံယူစေရန် ဆိုပြီး အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာဆိုရင် ကျူးလွန်တဲ့ ကလေးငယ်က ကျူးလွန်ခံရတဲ့ ကလေးငယ်ထက်ပိုပြီး အသာရနေတာ တွေ့ရပါတယ်။ အကျူးလွန်ခံရတဲ့ မိန်းကလေးက ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းရနိုင်ပေမယ့် ကျူးလွန်တဲ့ ကလေးငယ်က မိမိအိမ်မှာပဲ နေရင်း သုံးနှစ်အတွင်း သက်ဆိုင်ရာ ကလေးသူငယ် ကြီးကြပ်သူဆီမှာ လိုအပ်ရင် လက်မှတ်သွားထိုးရမှာပါ။ ဒါဟာ ကျူးလွန်ခံရတဲ့ မိန်းကလေးအတွက် မျှတမှု ရှိပါရဲ့လားဆိုတာ ပြန်မေးခွန်းထုတ်စရာပါ။အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အတွက်သာမက မိဘတွေ အတွက်ပါ ခြိမ်းခြောက်လာနေတဲ့ သက်ငယ်မုဒိမ်းမှုတွေကို တားဆီးဖို့ ဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိပေးနိုင်မယ့် ဥပဒေတစ်ခု အမြန်ပြဋ္ဌာန်း ကျင့်သုံးဖို့ လိုအပ်တယ်လို့ မိဘတစ်ဦးဖြစ်တဲ့ ကိုကျော်လင်းထွန်းက မှတ်ချက်ပြုပါတယ်။“သက်ငယ်မုဒိမ်းဆိုတာ အင်မတန် ရွံရှာဖို့ကောင်းတဲ့ အပြုအမူလို့ပဲ ပြောချင်တယ်။ ကျွန်တော်ကတော့ သက်ငယ်မုဒိမ်းမှ မဟုတ်ဘူး ကျန်မုဒိမ်းမှုတွေ အကုန်လုံးကို ဆန့်ကျင်တယ်။ ကိုယ်လည်း သမီးမိန်းကလေး မွေးထားတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ရင် သေဒဏ်ပေးတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပြီး ထိန်းချုပ်လိုက်ရင်တော့ ကျူးလွန်မယ့်သူတွေ လျော့ကျမယ်လို့ ထင်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းပြီးပြီ ဆိုလည်း တကယ်ကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ဖို့ လိုအပ်တာပေါ့။ စာရွက်ထဲမှာတော့ သေဒဏ်ပေးပြီး အပြင်မှာတော့ ထောင်ဒဏ်လောက် ဆိုရင်တော့ သိပ်ထူးခြားမယ် မထင်ဘူး” လို့ ဆိုပါတယ်။