မျှော်လေတိုင်း...မှိုင်းဆင်ခဲ့ပြီ

မျှော်လေတိုင်း...မှိုင်းဆင်ခဲ့ပြီ
Published 22 October 2016
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

ဒီနှစ် သီတင်းကျွတ် လပြည့်ညတွင် တော်အိမ်မှာမရှိ။ မြစ်ကြီးနားရောက်နေသည်။ သီတင်းကျွတ် လပြည့်ညရောက်တိုင်း  မိအိုဖအိုများကို ကန်တော့ခွင့်ရသူများကို အားကျသည်။ ကွယ်လွန်သူ မိဘနှစ်ပါးကို အထူးသတိရသည်။ မိသားစုနှင့်ဆုံနိုင်၊ မဆုံနိုင်ဖြစ်ခဲ့ရသော သီတင်းကျွတ်များ..။ သီတင်းကျွတ်ကန်တော့ပွဲအကြောင်း တင်ကြသော လူမှုကွန်ရက်ပို့စ်များတွင် စိမ့်သွဲ့သွဲ့အောင်က မိအို၊ ဖအိုများ ကန်တော့နေပုံကိုတင်သည်။ အဆိုပါကလေးမလေးနှင့် ကျွန်တော်မှာ လူချင်းမတွေ့ဖူးသော်လည်း ဖေ့ဘွတ်မိတ်ဆွေများ ဖြစ်ကြသည်။ သူနှင့်သူငယ်ချင်းများသည် အထက်တန်း ကျောင်းသားအရွယ် လူမမယ်ကလေးများဘဝတွင် အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တိုက် ပွဲမီးတောက်၊ မီးလျှံကြီးအတွင်း ခုန်ဆင်းခဲ့ကြ သူများဖြစ်ကြသည်။ သူတင်သောပို့စ်များကို ကြည့်ရင်း မိအို၊ ဖအိုများကို ကန်တော့ခွင့်မရသော ကိုယ့်ဘဝကိုယ် အမှတ်ထင်ထင်ဖြစ်မိသည်။ ကျွန်တော်၏ ဖခင်ကြီးက (၆၃) နှစ်၊ မိခင်ကြီးက (၇၃)နှစ်တွင် ကွယ်လွန်သွားခဲ့ ရှာသည်။
ဖခင်ကြီးမှာ ၁၉၈၉ ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်ခဲ့ရှာသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူး ကြီးစောမောင် နဝတစစ်အစိုးရလက်ထက်၊  ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေး များ “ဘုန်းမီးနေလ တောက်ပချိန်..” ကျွန်တော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံ ရေးတပ်ပေါင်းစု (မ.န.တ)ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)အဖြစ် တာဝန်ထမ်းဆောင်ချိန်။ အမေရိကန်သံရုံးက ဖြန့်ချိသော နိုင်ငံရေးပါတီ ၂၀၀ ကျော်အပေါ် အကဲဖြတ်ချက် (ဦးအောင်ကြီးပြုစုပေးသည်ဟု အဆိုရှိသည်) တွင် PC ( Pro Communist) ကွန်မြူနစ်လိုလားသူပါတီဟု မှတ်ချက်ပြုကတည်းက ထောက်လှမ်းရေးက မျက်စိကျနေသည်။
ရန်ကုန်သတိပဋ္ဌာန်လမ်း မ.န.တ ရုံးခွဲ တွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ “မတရားတဲ့ ဥပဒေ..အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဟောပြောချက်၊ မန္တလေး မ.န.တ ဌာနချုပ်သို့ ဒေါ်အောင်ဆန်း စုကြည်ရောက်ရှိစဉ် ” လူထုခေါင်းဆောင်“ ဟူသည့် ဂုဏ်ပုဒ်ကို စတင်သုံးစွဲကြိုဆိုသဖြင့် စစ်အစိုးရက မျက်မုန်းကျိုးနေချိန်..။ ဒီမိုကရေစီ အင်အားစုများက နဝတစစ်အစိုးရကို ရှစ်လေးလုံး အရေးတော်ပုံကြီး၏အရှိန်ဖြင့်  “ရွေးကောက်ပွဲ”  ပြုလုပ်ပေးရန် တိုက်ပွဲဆင်နေကြချိန်။
ဖခင်ကြီးမှာ ဆီးချိုရောဂါအပြင်းအထန် ခံစားနေရသဖြင့် ဆရာဝန်များဖြစ်ကြသော ကျွန်တော့် အစ်မကြီးနှင့် ညီမအငယ်ဆုံးလေးတို့က အနီးကပ်ပြုစု ကုသနေရချိန်လည်း ဖြစ်ပါသည်။ အဖေ့ကို မန္တလေးဆေးရုံကြီးတင် ထားစဉ် ကျွန်တော်တို့မောင်နှမများ နာရီပိုင်း အလိုက် အလှည့်ကျသွားစောင့်ရသည်။  ဖခင်ကြီးမှာ (Diabetic Coma) ဟုခေါ်သော ဆီးချို မေ့မြောရောဂါ ဖြစ်အံ့ဆဲဆဲဖြစ်သဖြင့် ကလေးတစ်ယောက်လို ဖြစ်နေသည်။ ကျွန်တော်မလာလျှင် “သိန်းသန်းခေါ်ပေး..သိန်းသန်းက ကြင်နာတယ်” ဟုဆိုသဖြင့် ရင့်နင့်ရသည်။  ဗဟိုတရားရုံးအမှုမှလွဲ၍ ကျန်အမှုများကို သူငယ်ချင်းများအား အကူအညီတောင်းလွှဲ ထားရသည်။
ဖခင်ဆုံးခါနီး တစ်ပတ်လောက်အလို ဇူလိုင်ပထမပတ်တွင် အိမ်ပြန်သယ်သည်။ ဆီးဝမ်းမထိန်းနိုင်တော့။ ပုဆိုးလဲ၍မနိုင် အောင်ဖြစ်နေသည်။ ဆီးများပုဆိုးတွင်းသွားနေ၍ အိမ်ရှေ့ချောင်းတွင် မောင်နှမများလျှော် ဖွပ်ပေးရသည်။ ထိုအချိန်တွင် ထောက်လှမ်းရေးက ကျွန်တော့်ကို လာဖမ်းခြင်းဖြစ်သည်။ မိဘများအိမ်မှာ မန္တလေး နယူးစီဗွီလိုင်းတွင်ရှိသည်။ သီးခြားလမ်းကလေးတွင်ရှိပြီး၊ မျက်နှာစာတွင်ချောင်းရှိ၏။ အိမ်ဝင်းမျက်နှာစာတွင် ကနားဖျင်းထိုးထားပြီး၊ သီလရှင်ဆရာလေးများက ဗောဇ္ဈင်္ဂသုတ်တွင် ဖခင်အမည် ထည့်ပြီး သာယာနာပျော်ဖွယ် ရွတ်ဆိုနေကြသည်။ ထောက်လှမ်းရေးလူဖမ်းအဖွဲ့က အိမ်ရှေ့ရောက်လာပြီး အထဲမဝင်ဘဲ ကျွန်တော့်ကို ခေါ်ခိုင်းကြသည်။ မိုးကုတ်က အမှုသည် များပါဟုပြောခိုင်းသည်။ ကျွန်တော်က အိမ်အပေါ်ထပ်မှ တက်ကြည့်ရာ ထောက်လှမ်းရေးကားကိုမြင်ရသည်။ ထိုစဉ်က မန္တလေး ထောက် (၁)တွင် ရပ်ရှင်းဂျစ်အဟောင်းကြီး တစ်စင်းသာရှိသည်။ နံပါတ်ပြားတပ်မထား။ ဤကားကြီးဖြင့် လူဖမ်းခြင်း၊ လုပ်သဖြင့် ကားကိုမှတ်မိနေ၏။
ကျွန်တော်က မရှိကြောင်းပြောရန် အချက်ပြပြီး ၎င်းတို့အိမ်ရှေ့မ ှထွက်သွားစဉ်တစ် ဖက်ခြံသို့ကူးကာ ထွက်ပြေးလွတ်မြောက် သွားနိုင်ခဲ့ပါသည်။ ထိုနေ့ညတွင် ဖခင်ကြီးဆုံးသည်။ (၁၅-၇-၁၉၈၉) တွင် ဖခင်ဈာပန ပို့သည်။ ဈာပနယာဉ်တန်းက ကျုံးထောင့် ထောက်လှမ်းရေးခြံရှေ့မှ ဖြတ်သွားရသည်။  ထိုစဉ် ထောက်(၁)တွင် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသော ကျွန်တော့်ရဲဘော်ကို တင်အေးကြူ (မ.န.တ အထွေထွေအတွင်း ရေးမှူး) ကို ထုတ်လာပြီး ဗိုလ်ကြီးမြင့်ဦးက ယာဉ်တန်းကို ပြသည်ဆို၏။ “ဒါ..ကိုသိန်း သန်းဦးအဖေ နာရေးပဲဗျာ၊ ခင်ဗျားသူငယ်ချင်း သူ့အဖေနာရေးကို သေချာပေါက်လာမှာပဲ။ သချုႋင်းမှာဝိုင်းဖမ်းဖို့ အားလုံးစီစဉ်ထားတယ်။ ဒီနေ့တော့ မမိပါစေနဲ့လို့ ကျွန်တော်ဆုတောင်း ပါတယ်ဗျာ” ဟု ပြောသည်ဆို၏။ ပါးကွက်သား တွင်လည်း ကရုဏာစိတ်ရှိပါသေးတကား။
ဖခင်မှာ ဆည်မြောင်းအင်ဂျင်နီယာ တစ်ဦးဖြစ်၍ ဆည်မြောင်းလုပ်သားများ လိုက်ပို့ကြသည်။ ကျွန်တော်က သူတို့ကြားတွင် ဦးထုပ်ဆောင်း ယူနီဖောင်းဝတ်၍ လိုက်ပို့ခဲ့ သည်။ “ငထောက်တွေ ခြေချင်းလိမ်နေတယ် ..လစ်တော့” ဟူသော ရဲဘော်တစ်ဦး၏ သတိပေးချက်အရ ကျွန်တော်အုတ်စက်သင်္ချိုင်းမှ အချိန်မီပြန်ထွက် လာနိုင်ခဲ့ပါသည်။
မိခင်ကြီးကိုတော့ ပြုစုခွင့်မရလိုက်ပါ။  ၁၉၉၀ နိုဝင်ဘာလတွင် ကျွန်တော့်ကိုဖမ်းမိ သွားသည်။ ၁၉၉၁ ဖေဖော်ဝါရီ ၅ ရက်တွင် မန္တလေးတိုင်းစစ်ခုံရုံး၊ အမှတ်(၄)က ကျွန်တော့်ကို ၅ (ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ၁၄ နှစ်ချသည်။
၁၉၉၇ တွင် အကျဉ်းထောင်လက်စွဲ ဥပဒေအရ ထောင်လျှော့ရက်များဖြင့် ကျွန်တော် တို့လွတ်ရက်စေ့ပြီဖြစ်သည်။ သို့တွင် န.အ.ဖ ဒုတိယစစ်အစိုးရက သူတို့၏ အဓိကရန်သူ ပစ်မှတ်များကို ထောင်လျှော့ရက်များအားလုံး ဖြတ်တောက်ပြီး လွတ်ရက်များကိုလည်းဆိုင်း ငံ့လိုက်သည်။ နှစ်စေ့ လွတ်ရက်စေ့သူများ ကို ၁၀ (က)ဖြင့် ပြန်ဖမ်းသည်။ မိခင်ကြီးက ၁၉၉၇ တွင် နောက်ဆုံးလာတွေ့သွားရှာပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် (Radio Therapy) ရောင်ခြည်ကုထုံးဖြင့် ကုသရသဖြင့် ဆံပင်ကျွတ်ကာ ကျိုးတိုးကဲျတဲဆံပင်ဖြင့် ထိုင်နေရှာသည့် မိခင်ကြီး..။ ကျွန်တော်က ထောင်ဝင်စာသံဆန်ခါ နှစ်ထပ်ကြားမှ  ကြေကွဲဆို့နင့်စွာဖြင့် “ အမေ နေမကောင်းဘဲနဲ့ ဘာလို့လာတွေ့တာလဲ အမေရယ်” ဟု ပြောမိသည်။
မိခင်ကြီးက “ငါ..ဝမ်းနဲ့လွယ်မွေးထားတဲ့ အမေဟဲ့..ဘယ်သူလာလာ..မလာလာ..  ငါလာခဲ့မယ်။ ငါသေသွားရင် ဝိညာဉ်အဖြစ် အရိုးထဲကထ လာခဲ့မယ်” ဟု အသံနက်ကြီးဖြင့် ပြောလိုက်သံသည် ထောင်ဝင်စာခန်း တွင်သာမက ကျွန်တော့် ဟဒယ နှလုံးအိမ်တွင်ပါ တစ်ဘဝလုံး ပဲ့တင်ထပ်နေခဲ့ပါသည်။
၁၉၉၉ မေလတွင် အမေဆုံးသည်။ ကျွန်တော်နေရသည့် တိုက်နံပါတ်မမှတ်မိတော့။  စစ်အစိုးရက ကျွန်တော်ကို စ, ဖမ်းသည့်နေ့မှ လွတ်သည့် (၂-၂-၂၀၀၁) ထိ ၁၀ နှစ်ကျော် တိုက်ပိတ်ထားသည်။ ကျွန်တော်တို့နှင့်ခင်သည့် ကိုမင်းဆွေဟုခေါ်သည့် ဘွဲ့ရဝါဒါတစ်ဦးက လာမေးသည်။ “တော်ဝင်ဆေးတိုက်က ခင်ဗျားနဲ့ ဘာတော်သလဲ ကိုသိန်းသန်းဦး”  “ ကျွန်တော့်အစ်မကြီး ဆေးရုံဗျ” သူက “ဟုတ်လား အရင်းလား” ဟုမေးသည်။  “ဟုတ်တယ်ဗျ ကျွန်တော့်အထက်ကအစ်မ ” ဒါဆို တော်ဝင်ဆေးတိုက်က အဖွားကြီးတစ်ယောက်ဆုံး တယ်ဗျ။ ဒေါ်ဋ္ဌေးဋ္ဌေးတဲ့။“ကျွန်တော့် မျက်လုံးထဲတွင် မှောင်အတိကျသွားသည်။ “အဲဒါ ကျွန်တော့်အမေပဲဗျ” ။ သူကအသင့်ယူလာသော သတင်းစာဖြတ်ပိုင်းလေးကို ပေးသည်။ ကျေးဇူးရှင် မွေးသမိခင်ကြီး ဆုံးရှာပါပြီ။ ကျွန်တော်တို့ ညီအစ်ကို..တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အင်းစိန်ထောင်၊ မန္တလေးထောင် ထောင်တကာလှည့်၍ ထောင်ဝင်စာတွေ့ခဲ့ရှာသော အမေ..။ ဝရမ်းပြေးဖြစ်နေသော သားအတွက် ဆရာတင်မိုးကဗျာ “အမေ့သား စကားတိုးတိုးပြောလှည့်ပါ” ဖတ်၍ မျက်ရည်ကျခဲ့ရှာသော အမေ..
ဒုတိယအကြိမ်ထောင်ကျတော့ ထောင်ဝင်စာ ပထမဆုံးတွေ့ရချိန်တွင် “ငါ့သား.. လက်နက်မချနဲ့.. လက်မှတ်ထိုးမထွက်ခဲ့နဲ့” ဟုမှာသဖြင့် ကျွန်တော့်ဇနီးက သားကိုမြှောက် ပေးတယ်“ ဟု ငြိုငြင်ခံရရှာသောအမေ..။ ကင်ဆာရောဂါ အပြင်းအထန်ခံစားရင်းသား ထံစမြိန်စာထုပ် ပို့ခဲ့ရှာသောအမေ..။ ကွယ်လွန်လေပြီ..ပုံမှန်အားဖြင့် အကျဉ်းထောင် လက်စွဲဥပဒေပါ အခွင့်အရေးရလျှင် ကျွန်တော် ၁၉၉၇ နှစ်ဦးတွင်လွတ်မည်။ သို့ဖြစ်လျှင် အမေကို နှစ်နှစ်ပြုစုခွင့်ရမည်။ သို့ရာတွင် လက်မရွံ့ပါးကွက်သား ဗိုလ်ခင်ညွန့်အမိန့်ဖြင့် ကျွန်တော်တို့ (က)အဆင့် အကျဉ်းသားများကို လျော့ရက်အားလုံးပယ်ဖျက် လွတ်ရက်ကို    အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်သဖြင့် မိခင်ကြီးကို အသက်ရှင်ရက် ကျွန်တော်မတွေ့နိုင်တော့ပါ။  ဤအချက်မှာ ကျွန်တော့်အပေါ်  စစ်အစိုးရက ဘာနှင့်မှပေးဆပ်ပြေလည်မှု မရနိုင်သည့် အကြီးကျယ်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်ထောင်ကလွတ်ပြီး သုံးနှစ်အကြာ လက်မရွံ့ဂိုဏ်းသားများ ကာလဝိပါက်နောက်ပိုး တက်ခဲ့ကြသည်။ စစ်အာဏာရှင် စံနစ်ကြီးတွင် မည်သည့်ခေါင်းဆောင်ကိုမျှ မမုန်းတီးခဲ့ဘူး။ စံနစ်၏ သားကောင်ဟုသာ သဘောထားခဲ့သည်။ သို့ရာတွင် ကလိမ်ကကျစ် လူညစ်ပါး ကွက်သားခေါင်ချုပ် အဖမ်းခံရတော့ မဖုံးနိုင်မဖိနိုင် ဝမ်းသာခဲ့မိပါသည်။
ကျွန်နော် ပြန်လွတ်မည့်ရက် (၂-၂-၂၀၀၁)ထောင်ဗူးတံခါးဝကြီးပွင့်သွားတော့  အပြင်မှာစောင့်ကြိုနေသည့်အထဲ ကျေးဇူးရှင်မိခင်ကြီး မပါနိုင်တော့ဟူသည့် အသိကြောင့် မပျော်ရွှင်နိုင်။ ရန်သူအပေါ် မုန်းတီးနာကျည်း မှုကသာ လွှမ်းမိုးနေသည်။ ဆွေမျိုးတွေအားလုံး လှည့်ကန်တော့ပြီး ညနေစောင်း မိဘနှစ်ပါးအိမ်ရောက်တော့ စိတ်မထိန်းနိုင်တော့။ နံရံကိုလက်သီးနှင့်ထိုးပြီး အမေရေ..ဟု အော်ဟစ်ခေါ်မိပြီး ကလေးတစ်ယောက်ပမာ ချုံးပွဲ ချငိုခဲ့မိပါသည်။ ရန်သူရှေ့တွင် ထိန်းသိမ်းထားခဲ့သမျှ ပေါက်ကွဲခဲ့ရပါသည်။
ထို့နောက်ပိုင်း သီတင်းကျွတ်ညများသည် ကျွန်တော့်အတွက် နာကျင်ခက်ခဲစွာ ဖြတ်သန်းရသော ညများဖြစ်လာခဲ့ပါသည်။ ကုသိုလ်ကောင်းမှုပြု..ရေစက်ချ အမျှဝေတိုင်း မိဘနှစ်ပါးသာမက (ဟိုကောင်မပါ) ဝေနေယျာကို မေတ္တာပို့ရင်း ဘဝဆက်တိုင်းဆက်တိုင်း..မင်းဆိုးမင်းညစ် မင်းပါပ မင်းဓါးမြ တို့နှင့် မဆုံရစေသောဝ်ဟု ဆုပန်မိပါတော့သည်။