မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေလဲနှုန်း တည်ငြိမ်ရေး၊ အစိုးရ၏ ကြွေးမြီ စီမံခန့်ခွဲ သုံးစွဲမှုကို သေချာစီမံ ဆောင်ရွက်ရေးနှင့် အခွန်ပိုမို ကောက်ခံရရှိရေး ဆောင်ရွက်သင့်ဟုဆို

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေလဲနှုန်း တည်ငြိမ်ရေး၊ အစိုးရ၏ ကြွေးမြီ စီမံခန့်ခွဲ သုံးစွဲမှုကို သေချာစီမံ ဆောင်ရွက်ရေးနှင့် အခွန်ပိုမို ကောက်ခံရရှိရေး ဆောင်ရွက်သင့်ဟုဆို
Published 20 October 2016
နီလာ

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေလဲနှုန်းတည်ငြိမ်ရေး၊ အစိုးရ၏ ကြွေးမြီစီမံခန့်ခွဲ သုံးစွဲမှုကို သေချာစီမံဆောင်ရွက် သင့်ကြောင်းနှင့် အခွန်ပိုမိုကောက်ခံရရှိရေး ဆောင်ရွက်သင့်ကြောင်း အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည့် Economic Development and Policy Directions in East Asia and Myanmar အခမ်းအနားတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာ Chief Economic Mr.Sudhir က ပြောကြားသည်။
“မြန်မာပြည်က အခုဆို တိုးတက်နေတယ်။ ဒါပေမဲ့ ဖြည့်ဆည်းဖို့ လိုနေတဲ့ နေရာတွေလည်း အများကြီးပါပဲ။ အဲဒီအတွက် ငွေက လိုမှာပဲ။ အဲဒီအတွက် အကြွေးယူတဲ့အခါ သုံးထားတဲ့ပိုက်ဆံ ဘယ်လိုသွားနေလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ Framework တစ်ခုရှိတာကတော့ Recommendation တစ်ခုဖြစ်တာပေါ့” ဟု Mr.Sudhir က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုက ပြဿနာတစ်ခု ဖြစ်နေကြောင်း၊ ထို့ပြင် ငွေလဲနှုန်းကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်သင့်ကြောင်းနှင့် အစိုးရ၏လို ငွေအပေါ်  ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ် ဖြေရှင်းနေမှုကိုလည်း သေချာဆောင်ရွက်သင့်ကြောင်း အဆိုပါ အခမ်းအနားတွင် ဆွေးနွေးချက်များမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသည်ဟု ဆိုနိုင်သော်လည်း စီးပွားရေး တိုးတက်မှုနှုန်းသည် ဆက်လက် အားကောင်းနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်း (တစ်နှစ်အတွင်း ယေဘုယျနှုန်း) တွင် ထိန်းထားနိုင်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏  စီးပွားရေး တိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာခိုင်နှုန်းတွင် မြင့်မားနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသည် ကာလတိုအတွင်း  မေခရိုစီးပွားရေး ခိုင်မာမှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ထိုဖိအားများကို ကောင်းစွာစီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သတိရှိရှိဖြင့် ဆက်လက်ဆောင်ရွက်ခြင်း၊ ငွေကြေးလုပ်ငန်း ဆောင်ရွက်မှုများ ခေတ်မီ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ် ပြင်လွယ် ရှိခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှု အားကောင်းစေရန် စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်ခြင်းတို့က  အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပြည်တွင်းပြည်ပ ကြွေးမြီအခြေအနေမှာ ၂၀၁၁-၂၀၁၂တွင် ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ်၇၃၀၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလျံ၊ ပြည်ပကြွေးမြီ  ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံ၊ ပြည် ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံရှိကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။