နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၉ ကျပ်ဖြင့် စံချိန်တင်ဈေး ဖြစ်ပေါ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၂၇၈ အထိ ပြန်လည်ကျဆင်းပြီး ရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၉ ကျပ်ဖြင့် စံချိန်တင်ဈေး ဖြစ်ပေါ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၂၇၈ အထိ ပြန်လည်ကျဆင်းပြီး ရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ရောက်ရှိ
Published 18 October 2016
စည်သူအောင်

အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၉ ကျပ်ဖြင့် စံချိန်တင်ဈေး ဖြစ်ပေါ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင်  ကျပ် ၁၂၇၈ အထိ ပြန်လည်ကျဆင်းခဲ့ပြီး ရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
အောက်တိုဘာ ၄ ရက်တွင် ၁၂၈၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် ၁၂၄၂ ကျပ်အထိ ပြန်ကျခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် အောက်တိုဘာ ၁၈ ရက်တွင် ၁၂၈၉ ကျပ်အထိ ခေတ္တမြင့်တက် ခဲ့ခြင်းဖြစ်သည်။ ၁၂၈၈ ကျပ်သည် လက်ရှိအစိုးရ လက်ထက်တွင် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ဖူးသော နိုင်ငံခြား ငွေလဲနှုန်းဖြစ်ပြီး ယခု ၁၂၈၉ ကျပ်ဖြင့် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ  ၁၇ ရက်တွင် ၁၂၇၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ယင်းနေ့တွင် ၁၂၈၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် ၁၂၈၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ရာ နံနက် ၁၀ နာရီ ခွဲခန့်တွင် ၁၂၈၉  ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ကျပ် ၁၂၇၈ အထိ ပြန်လည်ကျဆင်း ခဲ့ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ အောက်တိုဘာ ၁၂ ရက်တွင် ၁၂၆၈ ကျပ်၊ အောက်တိုဘာ ၁၃ ရက်တွင် ၁၂၇၇ ကျပ်၊  အောက်တိုဘာ ၁၄ ရက်တွင် ၁၂၇၅ ကျပ်၊ အောက်တိုဘာ ၁၅ ရက်တွင် ၁၂၇၅ ကျပ်၊ အောက်တိုဘာ ၁၆ ရက်တွင် ၁၂၇၅ ကျပ်၊ အောက်တိုဘာ ၁၇ ရက်တွင် ၁၂၈၅ ကျပ်၊ အောက်တိုဘာ ၁၈ ရက်တွင် ဖြစ် ပေါ်သော အနိမ့်ဆုံး ဈေးနှုန်းမှာ ကျပ် ၁၂၇၈  ဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၂၈၉ ကျပ်ဖြစ်ရာ တစ်ပတ်အတွင်း ဈေးနှုန်းကွာခြားမှု ၂၁ ကျပ်ရှိသည်။
ဒေါ်လာဈေးနှုန်း ပြန်လည်ကျဆင်းရသည့် အကြောင်းရင်းမှာ အမေရိကန် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ Stanley Fischer ၏ အတိုးနှုန်း မြှင့်တင်မှုအပေါ် ထားရှိသည့် သဘောထား မှတ်ချက်ကြောင့်ဖြစ်ပြီး ၎င်းက အမေရိကန်၏ အတိုးနှုန်း မြှင့်တင်မည့်ကိစ္စဟာ ထင်သလောက် မရိုးရှင်းကြောင်း ပြောကြားခဲ့ရာ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း အနည်းငယ် အားပျော့သွားခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်တွင် ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းကျပ် ၁၀ ဝန်းကျင် မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ထပ်မမြှင့်ခဲ့ဘဲ အောက်တိုဘာ ၁၇ ရက်က သတ်မှတ်ခဲ့သော နှုန်ထားအတိုင်းပင် ဆက်လက်ထားရှိခဲ့သည်။ ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ တစ်ဒေါ်လာ ကျပ် ၁၂၆၀ အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၁၀ ရက် တွင် ၁၂၅၈ ကျပ်၊ အောက်တိုဘာ ၁၁ ရက်တွင် ၁၂၅၆ ကျပ်၊ အောက်တိုဘာ ၁၂  ရက်နှင့် ၁၃ ရက်တို့ တွင် ၁၂၅၅ ကျပ်၊ အောက်တိုဘာ ၁၄ ရက် တွင် ၁၂၅၇ ကျပ်၊ အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်တွင် ၁၂၅၉ ကျပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေး ဈေးနှုန်းပြောင်းလဲမှု နည်းသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် အောက်တိုဘာ ၁၈ ရက်တွင် ရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ရောက်ရှိ ခဲ့သည်။ အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်များ တွင် ကျပ် ၈၅၅၀၀၀ ကျော်ဝန်းကျင်တွင် ရှိခဲ့သော ရွှေဈေးနှုန်းသည် အောက်တိုဘာ ၁၇ ရက်တွင် ငွေလဲနှုန်းမြင့်တက် လာသောကြောင့် ကျပ် ၈၆၃၀၀၀ ကျော်အထိ ဖြစ်ခဲ့ပြီး ကျပ် ၈၆၃၈၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ နိုင်ငံခြားငွေလဲနှုန်း ဆက်လက် မြင့်တက်မှုကြောင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရွှေဈေး ကျပ် ၈၆၇၈၀၀ အထိ ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒေါ်လာဈေး ပြန်လည်ကျဆင်း ခဲ့သည့်အတွက် ကျပ် ၈၆၀၈၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။