ယခုဘဏ္ဍာနှစ်အတွက် ထပ်တိုးရလာသည့် ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀ ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကျူးကျော်များ အိမ်ခန်းရရှိရေး အသုံးပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ယခုဘဏ္ဍာနှစ်အတွက် ထပ်တိုးရလာသည့် ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀ ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကျူးကျော်များ အိမ်ခန်းရရှိရေး အသုံးပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Published 11 October 2016
ဖြိုးဝေ

ယခုဘဏ္ဍာနှစ်အတွက် ထပ်တိုးရလာသည့် ဘတ်ဂျက် ကျပ်ဘီလျံ ၂၀၀ ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကျူးကျော်များ အိမ်ခန်းရရှိရေးအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက အခွန်ရငွေများထဲမှ ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်တိုးဘတ်ဂျက်အဖြစ် ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။
“ဘတ်ဂျက်က ၃၃၆ ဘီလျံရှိတယ်။ ReBudget မှာ ဘီလျံ ၅၀၀ ကျော်ဖြစ်လာလို့ ဘီလျံ ၂၀၀ တိုးတယ်။ အများ ပြည်သူသယ်ယူ ပို့ဆောင်ရေးမှာ အသုံးပြုသွားမယ်။ ကျွန်တော်တို့မှာ ကျူးကျော်နေရာတွေမှာ နေနေရတဲ့ မိသားစုဘဝတွေ အများကြီးရှိတယ်။ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ လူတွေဟာ ရန်ကုန်ကို ရွှေ့ပြောင်းလာကြတယ်။ ရန်ကုန်ကို ရွှေ့ပြောင်းလာချိန်မှာ  အိမ်ငှားမနေနိုင်ဘူး။ အိမ်မဝယ်နိုင်ဘူး။ အနည်းဆုံး အခန်းက သိန်း ၁၀၀ လောက်ရှိတယ်။ ဒီအခြေအနေတွေ အတွက် အလုပ်ရှိတဲ့လူတိုင်း အိမ်ခန်းရနိုင်ဖို့ ကျွန်တော်တို့ စနစ်တကျ အသုံးပြုသွားမယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်းတွင် ရငွေကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလျံရှိပြီး အသုံးစရိတ်မှာလည်း ၃၃၆ ဒသမ ၂၁၈ ဘီလျံ ဖြစ် ပြီး ယင်းအသုံးစရိတ်တွင် ပြည်ထောင်စု၏ ထောက်ပံ့ငွေ ၄၀ ဒသမ ၈ ဘီလျံပါဝင်ခဲ့ ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက အခွန် ရငွေများထဲမှ ငွေကျပ်  ၁၇၃ ဒသမ ၈၀၃ ဘီလျံကို ရန်ကုန်တိုင်း ဒေသကြီးအတွက် ထပ်တိုးခွဲဝေပေးခဲ့ပြီး ယင်းငွေကြေးများကို အိမ်ရာတည်ဆောက်ခြင်း၊ ခရီးသည်ပို့ ဆောင်ရေး လုပ်ငန်းများ စသည်တို့တွင် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘတ်စ်ကားစနစ် ပြောင်းလဲရာတွင် ယာဉ်တစ်စီးချင်း ပိုင်ဆိုင်သည့် မိသားစုများအတွက် ရပ်တည်နိုင်ရန် စဉ်းစားထားပြီး ဘတ်စ်ကားစီးပြည်သူများ အတွက်လည်း ငွေပိုမိုပေးရသည့် အခြေအနေမှ ကင်းလွတ်ပြီး တစ်မှတ်တိုင်စီးနင်းပါက တစ်မှတ်တိုင် အတွက်သာ ငွေကြေးကုန်ကျနိုင်ရန် ကတ်စနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားသည်။