နိုင်ငံခြားငွေလဲနှုန်း တစ်ရက်အတွင်း ၁၅ ကျပ် ကျဆင်းခဲ့ရာ တစ်ဒေါ်လာ ၁၂၅၂ ကျပ်အထိ ရောက်ရှိခဲ့ပြီး ငွေလဲနှုန်း ကျဆင်းမှုကြောင့် ရွှေဈေးနှုန်း ကျပ် ၈၄၉၀၀၀ ကျော်အထိ လိုက်ပါကျဆင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ရက်အတွင်း ၁၅ ကျပ် ကျဆင်းခဲ့ရာ တစ်ဒေါ်လာ ၁၂၅၂ ကျပ်အထိ ရောက်ရှိခဲ့ပြီး ငွေလဲနှုန်း ကျဆင်းမှုကြောင့် ရွှေဈေးနှုန်း ကျပ် ၈၄၉၀၀၀ ကျော်အထိ လိုက်ပါကျဆင်း
Published 10 October 2016
စည်သူအောင်

အောက်တိုဘာ ၁၀ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ရက်အတွင်း ၁၅ ကျပ်ကျဆင်းခဲ့ရာ တစ်ဒေါ်လာ ၁၂၅၂ ကျပ်အထိ  ရောက်ရှိခဲ့ပြီး ငွေလဲနှုန်း ကျဆင်းမှုကြောင့် ရွှေဈေးနှုန်း ကျပ် ၈၄၉၀၀၀ ကျော်အထိ လိုက်ပါကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၄ ရက် နံနက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ၁၂၈၈ ကျပ်အထိ မြင့်တက်ပြီးနောက်ပိုင်း အောက်တိုဘာ ၁၀ ရက်အထိ ဆက်တိုက်ပြန်လည် ကျဆင်းနေသည်။ ပြီးခဲ့သော သောကြာနေ့ (အောက်တိုဘာ ၇ ရက်) တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၇၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် ၁၂၆၇ ကျပ်ဝန်းကျင်၊ အောက်တိုဘာ ၉ ရက် တွင် ၁၂၆၈ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ၁၂၆၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ခန့်တွင် ၁၂၅၇ ကျပ်၊ ညနေ ၄ နာရီ ခန့်တွင် ၁၂၅၂ ကျပ်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ အောက်တိုဘာ ၄ ရက်တွင် ၁၂၈၈ ကျပ်၊ အောက်တိုဘာ ၅ ရက်တွင် ၁၂၈၂ ကျပ်၊  အောက်တိုဘာ ၆ ရက်တွင် ၁၂၈၀ ကျပ်၊ အောက် တိုဘာ ၇ ရက်တွင် ၁၂၇၁ ကျပ်၊ အောက်တို ဘာ ၈ ရက်တွင် ၁၂၆၇ ကျပ်၊ အောက်တိုဘာ ၉ ရက်တွင် ၁၂၆၈ ကျပ်၊ အောက်တိုဘာ ၁၀ ရက်တွင် ၁၂၆၇ ကျပ်ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်အတွင်း အမြင့်ဆုံး ဈေးနှုန်းမှာ ၁၂၆၇ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးမှာ ၁၂၅၂ ကျပ်ဖြစ်ကာ ၁၅ ကျပ် ကွာဟခဲ့သည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲ နှုန်း ကျရိပ်ပြနေသောကြောင့် ဗဟိုဘဏ်က  အောက်တိုဘာ ၁၀ ရက် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၇ ရက်ထက် နှစ်ကျပ်လျှော့ချ သတ်မှတ်ထားသည်။ ဗဟိုဘဏ်နှုန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက် အထိ တစ်ဒေါ်လာ ၁၂၆၀ အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၁၀ ရက်တွင် ၁၂၅၈ ကျပ်အဖြစ် လျှော့ချသတ်မှတ်ထားကာ အောက်တိုဘာ ၁၀ ရက် ပြင်ပငွေလဲနှုန်းထားမှာ ဗဟိုဘဏ်နှုန်းထက် ကျဆင်းသွားခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၀ ရက်တွင် တစ်အောင်စ ၁၂၆၂-၁၂၆၄ ဒေါ် လာဝန်းကျင်ဖြစ်ပြီး အောက်တိုဘာ ၉ ရက် ဈေးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက် လာသော်လည်း နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြ နေခြင်းကြောင့် ကျပ် ၈၄၉၀၀၀ ကျော်အထိ လိုက်ပါ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရွှေဈေး ကျပ် ၈၅၅၆၀၀ ဖြင့် ဈေးစဖွင့်ပြီး မွန်းလွဲပိုင်း၌ ကျပ် ၈၅၄၄၀၀၊ ညနေ ၄ နာရီခန့်တွင်  ကျပ် ၈၄၉၃၀၀  အထိ ကျဆင်းခဲ့သည်။  ပြီးခဲ့သော အောက်တိုဘာ ၇ ရက် ညနေပိုင်းဈေးနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၅၀၀၀ ကျော်ကျဆင်းခဲ့ပြီး  အောက်တိုဘာ ၄ ရက်တွင် ဖြစ်ပေါ်သော စံချိန်တင်ရွှေဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကျပ်ငါးသောင်းကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။