အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းထားပြီ ဖြစ်သဖြင့် စင်ကာပူတစ်ဆင့်ခံ မဟုတ်တော့ဘဲ အမေရိကန် ကုမ္ပဏီများ တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် အလားအလာရှိနေ

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းထားပြီ ဖြစ်သဖြင့် စင်ကာပူတစ်ဆင့်ခံ မဟုတ်တော့ဘဲ အမေရိကန် ကုမ္ပဏီများ တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် အလားအလာရှိနေ
Published 9 October 2016
နီလာ

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းထားပြီ ဖြစ်သဖြင့် ယခင်ကကဲ့သို့ စင်ကာပူတစ်ဆင့်ခံ မဟုတ်ဘဲ အမေရိကန် ကုမ္ပဏီများ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံရန် အလားအလာ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“တကယ်တမ်းကျတော့ တိုက်ရိုက်ဝင်လို့ မရပေမယ့် စင်ကာပူကနေ ဝင်နေတာပေါ့။ အဲဒါကြောင့် စင်ကာပူက ငါးနှစ်ကိုကြည့်ရင် စင်ကာပူက ပထမ ဖြစ်နေတယ်ဆိုတာ စင်ကာပူကုမ္ပဏီတွေချည်း မဟုတ်ဘူး။ အမေရိကန်တို့က လှည့်ဝင်နေတာ၊ Coca-Cola တို့ပေါ့။ သူတို့ရဲ့ မားသားက အမေရိကန်။ ဒါပေမဲ့ စင်ကာပူကနေ လှည့်ဝင်တာ။ အခုကတော့ တိုက်ရိုက်ဝင်လာချင်ရင် အများကြီး ဝင်လာလို့ရပြီ။ ဆိုတော့ တိုက်ရိုက်လာမယ့် အလားအလာတွေ ရှိတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မာလာမျိုးညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် အမေရိကန်၏ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ လေးသန်းကျော်သာ ရှိသော်လည်း စင်ကာပူကဲ့သို့ အခြားနိုင်ငံ အမည်ခံကာ ဝင်ရောက်မှုမှာ ဒေါ်လာနှစ်ဘီလျံ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“လက်ရှိမှာ ကျွန်တော်တို့ စာရင်းအရ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက လက်ရှိလုပ်နေတာဆိုရင် အမေရိကန်ဒေါ်လာ လေးသန်းကျော်ပဲရှိတယ်။ ၁၉၈၉ ခုနှစ်ကနေ ခွင့်ပြုခဲ့တာ ဒေါ်လာ ၂၄၈ သန်းကျော် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်ရဲ့ ခေါင်းစဉ်အောက်ကနေ ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ ပမာဏက ၄ ဒသမ ၆၅၁ သန်းပဲရှိတယ်။ မများဘူး။ သို့သော်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုက တိုက်ရိုက် မလာဘဲနဲ့ အခြားက လှည့်လာတာ ရှိတယ်။ ဥပမာ Coca Cola ဆိုရင် သူက အမေရိကန်အနေနဲ့ လာတာ မဟုတ်ဘူး။ စင်ကာပူ အနေနဲ့လာတာ။ ကျန်တဲ့ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာလည်း ဝင်တာတွေရှိတယ်။ အမေရိကန်ရဲ့ ခေါင်းစဉ်အောက်က မဟုတ်ဘဲ အခြားနိုင်ငံတွေရဲ့ ခေါင်းစဉ်အောက်က ဥပမာ- စင်ကာပူ အနေနဲ့ ဝင်တာပေါ့။ အဲဒါက နှစ်ဘီလျံကျော်အထိ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် ဝင်ရောက်ရင်းနှီး လုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီများ၌ Coca-Cola အဖျော်ယမကာများနှင့် သောက်ရေသန့်များ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊   သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Frontiir Co.,Ltd၊ CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် Haker Enterprise (Myanmar) Co.,Ltd၊ အသင့်စားသုံးနိုင်သော အစားအစာများ ပြုလုပ်၍ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သည့် Express Food Group (Myanmar) Co.,Ltd တို့အပြင် Apollo Towers Myanmar Ltd၊ Colgate-Palmolive Myanmar Ltd၊ Irrawaddy Green Towers Ltd စသည်တို့ ပါဝင်သည်။ 
 

Most Read

Most Recent