ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ အနီး၌ ဒုရဲမှူး တစ်ဦးကို ဓားဖြင့်ထိုးပြီး သေနတ်ယူသွားသည့် ဖြစ်စဉ်တွင် ပါဝင်သူ ငါးဦးကို ဖမ်းမိထားပြီး တရားခံ ၁၆ ဦး လွတ်မြောက်နေကြောင်း ကချင်ပြည်နယ် ရဲမှူးကြီးထွန်းဦးက ပြောကြားသည်။အခင်းဖြစ်ပွားမှုကို ကွင်းဆင်းကိုင်တွယ်နေသည့် ကချင်ပြည်နယ် ရဲမှူးကြီး ထွန်းဦးက “စုစုပေါင်း တရားခံ ငါးဦးကို မိထားပါတယ်။ တရားစွဲတင်နိုင်ဖို့လည်း လုပ်နေပါပြီ။ အဓိက တရားခံတွေဖြစ်တဲ့ သားအဖနှစ်ဦး အပါအဝင် ၁၆ ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ပျောက်သွားတဲ့ လက်နက်က ဘယ်သူ့ဆီ ပါသွားတယ်ဆိုတာ မပြောနိုင်ပါဘူး။ ကေအိုင်အေဘက်ကလည်း မူးယစ်ဆေးသမားတွေကို လက်မခံတော့ ပြန်ထွက်လာမယ်လို့ ယူဆတယ်။ တောထဲမှာက ရွှေမှော်တွေ ရှိတော့ အဲဒီမှာပဲ ခိုကပ်နေတယ်လို့ ယူဆပါတယ်။ လိုက်ရအောင်လည်း ကေအိုင်အေ စိုးမိုးတဲ့ နေရာတွေ ဖြစ်နေတယ်။ တပ်ကိုတော့ အကြောင်းကြားထားပါတယ်။ မူးယစ်ဆေးဝါးတွေ၊ လက်ပစ်ဗုံးတွေနဲ့ သစ်လည်း ၅၇ တန်ကျော် ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။ လက်နက် ပြန်ရအောင်လည်း ရွာသားတွေနဲ့ တိုင်ပင်ပြီး အစွမ်းကုန် လုပ်နေပါတယ်။ မူးယစ်ဆေးဝါး အကြောင်း ဟောပြောမှုတွေကို ရပ်ရွာရော စာသင်ကျောင်းတွေမှာပါ လုပ်ခဲ့ပါတယ်” ဟု ပြောကြားသည်။ယင်းဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ရဲဘက်ပြေးတစ်ဦးကို မူးယစ်ဆေးဝါးများ၊ လက်ပစ်ဗုံးများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် လူ ၂၀ ခန့်၏ ဝိုင်းဝန်းရိုက်နှက်မှု ခံရပြီး ဒုရဲမှူးတစ်ဦး ဓားဖြင့် အချက်များစွာ အထိုးခံရကာ သေနတ်ယူသွားသည့်ဖြစ်စဉ် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အင်းတော်ကြီးဒေသ ရွာပေါင်း ၃၆ ရွာတွင် မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလျက် ရှိပြီး တရားဝင်သဖွယ် အသုံးပြုနေမှု ရွာတိုင်းနီးပါး ရှိနေကြောင်း သိရသည်။
ဒုရဲမှူးတစ်ဦးကို ဓားဖြင့်ထိုးကာ သေနတ်ယူသွားသည့် ဖြစ်စဉ်တွင် ပါဝင်သူ ငါးဦး ဖမ်းမိထားပြီး တရားခံ ၁၆ ဦး လွတ်မြောက်နေ