မန်စီးတီးအသင်း၏ အိမ်ကွင်းပွဲများ၌ စက်ရုပ်များဖြင့် ဖျော်ဖြေမည်

မန်စီးတီးအသင်း၏ အိမ်ကွင်းပွဲများ၌ စက်ရုပ်များဖြင့် ဖျော်ဖြေမည်
Published 16 September 2016

မန်စီးတီးအသင်းသည် တရုတ်နိုင်ငံအခြေစိုက် UBTECH စက်ရုပ်ထုတ်လုပ်သည့် ကုမ္ပဏီနှင့် မိတ်ဖက်စာချုပ် ချုပ်ဆိုခဲ့ပြီး အီတီဟတ်ကွင်း၌ ကျင်းပသည့်ပွဲစဉ်များတွင် စက်ရုပ်များဖြင့် ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။UBTECH ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ လူသားနှင့်ဆင်တူသည့် စက်ရုပ်များ ပထမဆုံး ထုတ်လုပ်ရောင်းချသော ကမ္ဘာ့ထိပ်တန်း စက်ရုပ်ကုမ္ပဏီဖြစ်သည်။မန်စီးတီးအသင်းသည် ယင်းကုမ္ပဏီနှင့် မိတ်ဖက်စာချုပ် ချုပ်ဆိုကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အိမ်ကွင်းပွဲစဉ်များ၌ UBTECH စက်ရုပ်များက တေးသီချင်းများဖြင့် ကပြ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။UBTECH ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် မန်စီးတီးအသင်း ဘဏ္ဍာရေးအရာရှိဖြစ်သူ တွမ်ဂလစ်က “ UBTECH လို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီနဲ့ လက်တွဲနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ အတွေ့အကြုံတွေ တင်ဆက်သွားမှာပါ”  ဟု ပြောကြားခဲ့သည်။မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၁၄ ရက်က မိုချန်ဂလာဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ပြီး နည်းပြ ဂွါဒီယိုလာက ပရိသတ်များ၏ အားပေးမှုရှိမှသာ ချန်ပီယံလိဂ်၌ အောင်မြင်မှုရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent