ခေတ်နှင့်အညီ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်မှသာ ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသားတိုင်း တန်းတူညီမျှရရှိစေနိုင်ပြီး ဥပဒေအထက်တွင် မည်သူမျှ မရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

ခေတ်နှင့်အညီ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်မှသာ ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသားတိုင်း တန်းတူညီမျှရရှိစေနိုင်ပြီး ဥပဒေအထက်တွင် မည်သူမျှ မရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Published 15 September 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ခေတ်နှင့်အညီ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို ပွင့်လင်းမြင်သာစွာ ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသားတိုင်း တန်းတူညီမျှ ရရှိစေနိုင်ပြီး ဥပဒေအထက်တွင် မည်သူမျှ မရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားသည်။မန်းဝင်းခိုင်သန်းက နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် ဥပဒေပြုရေး ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဆိုသည်။“ပြည်သူ့အကျိုး ရည်မျှော်မှန်းကာ ခေတ်စနစ်နှင့်အညီ ပြင်ဆင် ပယ်ဖျက်သင့်သည့် ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို ပွင့်လင်းမြင်သာစွာဖြင့် ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူများက ပြဋ္ဌာန်းဥပဒေများကို လိုက်နာနိုင်မှာဖြစ်ပြီး ဥပဒေရဲ့အကာအကွယ်ကို နိုင်ငံသားတိုင်း တန်းတူညီမျှရရှိစေနိုင်ကာ ဥပဒေအထက်တွင် မည်သူမျှမရှိနိုင်မှာပဲ ဖြစ်ပါတယ်”ဟု မန်းဝင်းခိုင်သန်းက ပြောကြားသည်။နိုင်ငံတော်ကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ဖြင့် ပိုင်းခြားခွဲေ၀ ကျင့်သုံးရာတွင် လွှတ်တော်အနေဖြင့် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာ၌ ဥပဒေပြုရေးကဏ္ဍသည် အရေးကြီးကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ထိန်းကျောင်းရမှာဖြစ်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမျိုး၊ မလျော်သြဇာသုံးခြင်းမျိုး မပြုလုပ်မိစေရန်နှင့် အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုများဖြင့် တည့်မတ်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။လွှတ်တော်ဝင်းအတွင်း ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် နိုင်ငံရေးပါတီများက စာတမ်းများ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ဆက်လက်ပြီး အဆိုပါအပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ အားလုံးဟာ ဒီမိုကရေစီအပင်ပေါက်လေးကို သင်းသတ်မခံရအောင်မျက်ခြည်မပြတ် ဂရုစိုက်ကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းနဲ့ တိုက်ဖျက်နေတဲ့ အန္တရာယ်ရန်စွယ်ကိုလည်း သတိပြု၍ ကာကွယ်ကြပါ။ ဒီမိုကရေစီကို ရန်မူကြတဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့နဲ့ ဆက်ဆံကြပါ။ ဒီမိုကရေစီကို ကာကွယ်ကြရမယ့် ကျွန်တော်တို့တွေ ကိုယ်တိုင်ကလည်း အမှားကင်းအောင် အထူးကြိုးစားကြပါ”ဟု ပြောကြားသည်။အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားများကို ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင်လည်း လွှတ်တော်ဝင်းအတွင်း ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီများ၏ စာတမ်းဖတ်ကြားမှုများလည်း ပြုလုပ်လေ့ရှိသည်။ 

Most Read

Most Recent