မြောင်းမြမြို့အမှတ် (၇) ရပ်ကွက် ပဏ္ဍိတာရုံ ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်၌ လသားအရွယ် ကလေးငယ် တစ်ဦးအား ဖခင် ဖြစ်သူက လာရောက်စွန့်ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ----ရပ်ကွက်၊ ---လမ်းနေ မ----ထံသို့ ကွဲကွာနေသော အမျိုးသားဖြစ်သူ ကိုမြတ်မင်းဦး (ဘ) ဦးလှမျိုး ရောက်ရှိလာပြီး ၎င်း၏ ကလေးငယ်အား တောင်းယူခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် ကိုမြတ်မင်းဦးက ကလေးငယ်အား နေအိမ်သို့ ခေါ်ဆောင်သွားခြင်း မပြုဘဲ ပဏ္ဍိတာရုံဘုန်းကြီး ကျောင်းဝင်း အတွင်းရှိ အနောက်ဘက်ပိုင်း ကျောင်းဆောင် တစ်ခု၏ ခြေကျော်တံခါး အနီးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ရှိ သံဃာတော်များက ကလေးငယ်အား တွေ့ရှိသောကြောင့် ကောက်ယူစောင့်ရှောက်ထားရခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မိခင်ဖြစ်သူက ကလေးငယ်အား နို့တိုက်ရန်အတွက် ယမန်နေ့ညက ခေါ်ဆောင်သွားသော ကိုမြတ်မင်းဦး၏ နေအိမ်သို့ သွားရောက်ခေါ်ဆောင်ရာတွင် ကိုမြတ်မင်းဦးအား မတွေ့ရှိရဘဲ ပဏ္ဍိတာရုံ ဘုန်းကြီးကျောင်းတွင် ကလေးငယ် တစ်ဦး ရောက်ရှိနေသည်ဟု သတင်းကြားရသောကြောင့် သွားရောက်ကြည့်ရှုရာမှ ယင်း၏ သားငယ်ဖြစ်နေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။“မနေ့ညက အုပ်ချုပ်ရေးမှူး လာပါဦးဆိုလို့ သွားခေါ်တယ်။ ကလေးတစ်ယောက် လာထားသွားလို့ဆိုတော့ သွားပြီးတော့ ကြည့်တယ်။ ကလေးက နှစ်လသား ယောက်ျားလေး၊ ဘယ်သူ လာထားသွားမှန်း မသိတော့ ရဲကိုပါ အကြောင်းကြားပြီးတော့ ကလေးကို ဆရာတော်တွေက စောင့်ရှောက်ထားတယ်၊ ဒီမနက်ကျတော့ ကလေးမိခင်က ရောက်လာတယ်။ ညက သူ့အရင်ယောက်ျားက ကလေးကို အတင်းလာတောင်းလို့ ထည့်ပေးလိုက်ရတာ ဒီမနက်ကျမှ ကလေးကို သွားပြန်တောင်းတော့ မတွေ့လို့ ဒီမှာ ကလေးတစ်ယောက် လာစွန့်ပစ်ထားတယ်ဆိုလို့ လာကြည့်တာပါလို့ ပြောတယ်။ သူ့ကလေးလည်း ဖြစ်နေတယ်။ ဒါပေမဲ့ ဆရာတော်တွေက မွေးစားစောင့်ရှောက်ထားတာဆိုတော့ ချက်ချင်းတော့ ပြန်မထည့်ပေးလိုက်ဘူး။ ဆရာတော်ပြန်ရောက်မှ သူ့ကို ပြန်ထည့်ပေးမယ်။ ကလေးကို လာထားသွားတဲ့ ကလေးအဖေကို သွားရှာတော့လည်း မတွေ့တော့ဘူး ရှောင်နေတယ်။ ကလေးရဲ့ အမေကတော့ ဒီကိစ္စကို အမှုဖွင့်မယ်လို့ ပြောတယ်။ ကလေးကို ထားသွားတဲ့သူကို မတွေ့ရသေးတော့ အခုထိတော့ မဖွင့်ရသေးဘူး” ဟု အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းရွှေက ပြောကြားသည်။
မြောင်းမြတွင် လသားအရွယ် ကလေးငယ်အား ဖခင်ဖြစ်သူက ဘုန်းကြီးကျောင်းဝင်း တစ်ခုအတွင်း စွန့်ပစ်မှု ဖြစ်ပွား