တရုတ်က ကမ္ဘာ့ပထမဆုံး ဒေါ်လာထရီလျံနှင့်ချီ တန်ဖိုးရှိသည့် လေကြောင်း ဈေးကွက်ကြီး ဖြစ်လာ

တရုတ်က ကမ္ဘာ့ပထမဆုံး ဒေါ်လာထရီလျံနှင့်ချီ တန်ဖိုးရှိသည့် လေကြောင်း ဈေးကွက်ကြီး ဖြစ်လာ
Published 14 September 2016

လေယာဉ်စီးသည့် လူလတ်တန်းစားဦးရေ မြင့်တက်လာသော တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဦးဆုံး ဒေါ်လာထရီလျံနှင့်ချီ၍ တန်ဖိုးရှိသော လေကြောင်း ဈေးကွက်ကြီး ဖြစ်လာလိမ့်မည်ဟု အမေရိကန် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ဘိုရင်းက စက်တင်ဘာ ၁၃ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။
၂၀၃၅ ခုနှစ်သို့ ရောက်ရှိချိန်တွင် ကမ္ဘာပေါ်၌ လူဦးရေ အထူထပ်ဆုံးနိုင်ငံ ဖြစ်လာမည့် တရုတ်နိုင်ငံတွင် စီးပွားဖြစ် လေယာဉ်အုပ်စုထဲသို့ လေယာဉ်အသစ် စင်းရေ ၆၈၀၀ ကျော် ထပ်တိုးလာကာ ဒေါ်လာ ၁ ဒသမ ၀၃ ထရီလျံ တန်ဖိုးရှိလာလိမ့်မည်ဟု ဘိုရင်းက ၎င်း၏ နှစ်စဉ် တရုတ်လက်ရှိဈေးကွက် အလားအလာထဲ၌ ဖော်ပြခဲ့သည်။
တရုတ်သည် ၎င်း၏စီးပွားရေးကို စားသုံးသူများအပေါ် ပိုမိုမှီခိုလာသည့် အသွင်သို့ ပြုပြင်ပြောင်းလဲနေပြီး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကဏ္ဍမှာ တိုးတက်လာသည်။ ထိုအချိန်တွင် လာမည့်နှစ် ၂၀ အတွင်း တရုတ်နိုင်ငံ၌ လေယာဉ်စီးသူ ဦးရေသည် နှစ်စဉ် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လိမ့်မည်ဟု ဘိုရင်းစီးပွားဖြစ် လေယာဉ်များ၏ ဈေးကွက်ရှာဖွေရေး ဒုတိယအကြီးအကဲ ရန်ဒီတင်ဆက်က ပြောကြားခဲ့သည်။
“တရုတ်ဟာ စားသုံးသူအခြေပြုစီးပွား ရေးပုံစံသို့ ပြောင်းလဲလာချိန်မှာ လေကြောင်းကဏ္ဍဟာ တရုတ်စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ အဓိက ကဏ္ဍ ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ် လူလတ်တန်းစားဦးရေ အဆက်မပြတ် မြင့်တက်လာမှု၊ ဗီဇာမူဝါဒ အသစ်များ ပေါ်ပေါက်လာမှု၊ နည်းပညာသစ်၊ စွမ်းဆောင်ရည်သစ်၊ လုပ်ဆောင်နိုင်စွမ်း အသစ်များရှိသည့် ကိုယ်ထည်ကြီး လေယာဉ်အမျိုးအစား များပြားလာမှု အစရှိသည့် အကြောင်းရင်းများက တရုတ်လေကြောင်း ဈေးကွက်၏ အနာဂတ် တောက်ပလာလိမ့်မည်ကို ညွှန်ပြနေသည်ဟု တင်ဆက်က ဆိုသည်။
၂၀၁၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ လေယာဉ်သစ်စင်းရေ ၆၈၁၀ စင်း လိုအပ်လိမ့် မည်ဖြစ်ပြီး ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ ထိုင်ခုံအရေအတွက် ၉၀ မှ ၂၃၀ ကြားရှိသည့် လျှောက်လမ်းတစ်ခုပါ လေယာဉ်များ ဖြစ်ကြသည်ဟု ဘိုရင်းကဆိုသည်။ လျှောက်လမ်း နှစ်ခုပါ ကိုယ်ထည်ကြီး လေယာဉ်စင်းရေမှာ မူ စုစုပေါင်း ၁၅၆၀ စင်း လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာပေါ်တွင် ယခင်ကတည်းက အကြီးဆုံးဖြစ်နေပြီး အဆက်မပြတ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော တရုတ် အီလက်ထရွန်နစ် ကုန်သွယ်ရေးကြောင့်လည်း လာမည့်နှစ် ၂၀ အတွင်း ကုန်တင်လေယာဉ် လိုအပ်ချက်များလည်း မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
ဘိုရင်း၏ ဇူလိုင်လက ခန့်မှန်းချက်တွင် လာမည့်အနှစ် ၂၀ အတွင်း တစ်ကမ္ဘာလုံးတွင် ဒေါ်လာ ၅ ဒသမ ၉ ထရီလျံ တန်ဖိုးရှိသည့် ဂျက်လေယာဉ်ပေါင်း ၃၉၆၀၀ ရှိမည်ဟု ဖော်ပြထားခဲ့သည်။ 
Ref : AFP

Most Read

Most Recent