ရှမ်းပြည်နယ်မှ NLD ပါတီဝင်များအား အရေးယူရန်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ကာ ယခင်က မအားသည့်အတွက် ယခု အရေးယူခြင်းဖြစ်ပြီး ပါတီစည်းကမ်းကိစ္စ အာဏာရှင် မဆန်၍ မရကြောင်း ဦးဝင်းထိန် ပြောကြား

ရှမ်းပြည်နယ်မှ NLD ပါတီဝင်များအား အရေးယူရန်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ကာ ယခင်က မအားသည့်အတွက် ယခု အရေးယူခြင်းဖြစ်ပြီး ပါတီစည်းကမ်းကိစ္စ အာဏာရှင် မဆန်၍ မရကြောင်း ဦးဝင်းထိန် ပြောကြား
Published 11 September 2016
စိုးမင်းထိုက်

ရှမ်းပြည်နယ်မှ NLD ပါတီဝင်များအား အရေးယူရန်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ်ကာ ယခင်က မအားသည့်အတွက် ယခု အရေးယူခြင်းဖြစ်ပြီး ပါတီစည်းကမ်းကိစ္စတွင် အာဏာရှင် မဆန်၍ မရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၁၁ ရက်က သတင်းထောက်များအား ပြောကြားသည်။စက်တင်ဘာ ၁၁ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ပြီး ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးမန်းဂျော်နီ၊ ဦးထွန်းထွန်းဟိန်တို့ တက်ရောက်ကာ လစ်လပ်သွားသည့် နေရာများတွင် ပြန်လည်ဖြည့်တင်းရန်နှင့် တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ဦးဝင်းထိန်က “ဒါကတော့ လစဉ်လုပ်နေကျ အစည်းအဝေးပါ။ အထူးသဖြင့်ကတော့ လောလောဆယ် အင်အားတွေ လျော့နည်းနေတဲ့ အဖွဲ့တွေကို ပြန်ပြီးတော့ ဖြည့်ဖို့ကိစ္စ၊ နောက်တစ်ခုကတော့ တောင်ကြီးမှာ ဖြစ်တဲ့ ကိစ္စ။ တောင်ကြီးကတော့ နှစ်ခုပေါ့လေ။ ဒေါ်ခင်မိုးမိုးတို့ အရေးယူတဲ့ ကိစ္စရယ်။ ခရိုင်ဥက္ကဋ္ဌ ကိုတိုးကို အရေးယူတဲ့ ကိစ္စရယ်။ ကျွန်တော်က ရှင်းပြတယ်။ အတွင်းရေးမှူး အနေနဲ့သော် လည်းကောင်း၊ ပါတီ စည်းကမ်းထိန်းသိမ်းရေး အနေနဲ့သော် လည်းကောင်း၊ ဒေါ်ခင်မိုးမိုးတို့ကို အရေးယူဖို့ဆိုတာ ကြာလှပြီ။ တစ်နှစ်ကျော်ကျော်လောက် ရှိပြီ။ မအားလို့ မလုပ်ဖြစ်တာ။ အခုတော့ မလုပ်မဖြစ်လို့ လုပ်လိုက်ရတယ်။ အဲဒါ လုပ်တာကလည်း ကျွန်တော် ပါတယ်။ ဦးကျော်ခင် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေလည်း ပါတယ်။ နောက် တခြား ဦးမောင်စိုးတို့ ဦးမောင်မောင်ဦးတို့ နောက် အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေလည်း ပါတယ်။ ဒါကတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စမို့လို့ လုပ်တာ။ ခရိုင်ဥက္ကဋ္ဌ ကိုတိုးကို အရေးယူတာက သူက ကြမ္မာငင်တာ။ တစ်ခါမှ သူနဲ့လည်း ဟုတ်တိပတ်တိ စကားမပြောခဲ့ဘူး။ သူက Facebook မှာ ရိုင်းတယ်။ ဘာလာရှုပ်တာလည်း ဘာညာပေါ့လေ။ ရိုင်းတာကတော့ ဆုံးမလို့ ရတယ်။ နောက် မပြောနဲ့။ အဲဒီလောက်ဆိုရင် ရတယ်။ သူက ဘာကဲလာလဲ ဆိုတော့ Facebook မှာ စီအီးစီဆိုတာ ပိုက်ဆံပေးဝယ်ရင် ရတယ်။ နိုင်ငံရေးဆိုတာ သမိုင်းရှိတယ်။ သမိုင်းကတော့ ဝယ်လို့ မရဘူး ဆိုပြီးတော့။ အဲဒါကတော့ စော်ကားသွားပြီ။ စော်ကားသွားတဲ့ အခါမှာ ကျွန်တော်ကတော့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တယ်။ မဆုံးဖြတ်လို့ မရဘူး။ မဆုံးဖြတ်ဘဲ အဲဒီပြဿနာကို လိပ်ခဲတည်းလည်း ဖြစ်နေရင် သူတို့က ပိုရောက်တက်လာမယ်။ ကိုတိုး ဆိုရင်လည်း ဝန်ကြီးဌာနတွေကိုတောင် ဝင်ရောက်စွက်ဖက်ပြီးတော့ ဗိုလ်ကျနေတဲ့ ပုဂ္ဂိုလ်။ ကျွန်တော်တို့က အဲဒီလိုမှ အရေးမယူရင် သူ့ Facebook အရ နှိပ်ကွပ်လိုက်လို့ သူ ပြန်သွားပြီဆိုတဲ့ ပုံစံမျိုး ချိုးမှာဆိုတာ သိလို့ ကျွန်တော်က ချက်ချင်း အရေးယူလိုက်ရတာ။ အခုတော့ ဗဟိုအလုပ်အမှုဆောင် အားလုံးရဲ့ ဆုံးဖြတ်ချက် ဖြစ်သွားပါပြီ” ဟု သတင်းထောက်များအား ပြောကြားသည်။ဆက်လက်၍ “Facebook မှာ ဝေဖန်တာ လိုက်ပြီး တရားစွဲရရင် ငါသေရချည်းရဲ့။ အာဏာရှင်ဆိုပြီး ဝေဖန်ကြတယ်။ ဒီလို စည်းကမ်း ကိစ္စမှာ အာဏာရှင် မဆန်လို့ မရဘူး။ ကျွန်တော် တာဝန်ယူပြီးတော့ လုပ်တာလေ။ အဲဒီတော့ အာဏာရှင်ဆန်တယ် ဆိုလည်း အာဏာရှင်ပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။ထို့ပြင် ပါတီဝင်အင်အား လျော့နည်းနေသည်များကို ပြန်လည် ဖြည့်တင်းရာတွင် တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၃ ခု ပြီးသွားပြီ ဖြစ်ကြောင်း၊ ဥပမာ- သေသည့်သူ၊ ထွက်သွားသည့်သူ၊ နောက် အကြောင်းကြောင်းကြောင့် ပျက်ကွက်သူများ ရှိကြောင်း၊ ထိုသို့ ဖြည့်တင်းသည့် နေရာတွင် ရှမ်းပြည်နယ်က မပြီးသေးကြောင်း၊ ထို့အတွက် အတွင်းရေးမှူးတစ်ယောက် အနေဖြင့် ရှမ်းပြည်နယ်သို့သွားကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က “အန်ကယ်တို့က ဒီနေ့ အစည်းအဝေးက ဘာလို့လဲ ဆိုရင်တော့ ပြီးခဲ့တဲ့ ကာလတွေမှာ အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် ရှိပါတယ်။ အဲဒီအဖွဲ့မှာ လစ်လပ်သွားတဲ့ နေရာတွေ ပြန်ပြီး အစားထိုးရတာပေါ့။ ဒီနေ့ အစည်းအဝေးမှာ ဒီအကြောင်းအရာတွေကို လုပ်တာပါ။ ကချင်ပြည်နယ်တို့၊ မကွေးတိုင်းတို့၊ ရှမ်းပြည်နယ်က မြို့နယ် ကိစ္စတွေပေါ့။ လစ်လပ်တဲ့နေရာတွေ အစားထိုးတာပေါ့။ မြို့နယ်တွေ လစ်လပ်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။“ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ထောင်စုဝန်ကြီး ဖြစ်သွားကတည်းက အစည်းအဝေး မတက်တော့ပါဘူး။ ပါတီအလုပ် မလုပ်တော့ပါဘူး။ ခေါင်းဆောင်တစ်ယောက်မှာ ပါတီမရှိဘူး ဆိုရင်တော့ ထိခိုက်သလောက်တော့ ထိခိုက်တာပေါ့။ အန်ကယ်တို့ ပါတီက စုပေါင်းခေါင်းဆောင်မှုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တုန်းကလည်း စုပေါင်းခေါင်းဆောင်မှုပါပဲ။ အဲဒီလိုပဲ သွားခဲ့ပါတယ်။ ပါတီဝင်တွေနဲ့ ပတ်သက်ပြီးတော့ကတော့ များသောအားဖြင့် စည်းကမ်းထိန်းသိမ်းရေးနဲ့ ဆိုင်တာပေါ့။ သူကတော့ သီးခြား Branch ဖြစ်တယ်။ အန်ကယ်တို့ အနေနဲ့ကတော့ စည်းကမ်းထိန်းသိမ်းရေးပိုင်းနဲ့ ပတ်သက်ပြီး အတိအကျ မသိပါဘူး။ ရှမ်းပြည်နယ်က ပါတီဝင်တွေကို ထုတ်လိုက်တာကတော့ ဦးဝင်းထိန်က ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုတော့ သူက ပိုသိတာပေါ့။ စည်းကမ်းနဲ့ ငြိခြင်း မငြိခြင်းက ဦးဝင်းထိန်က ပိုသိတာပေါ့။ ထုတ်လိုက်တယ် ဆိုတာကိုတော့ ဒီကနေ့ အစည်းအဝေးမှာ ဦးဝင်းထိန်က တင်ပြပါတယ်။ ဒါကြောင့် ထုတ်လိုက်တယ်ဆိုတာ အန်ကယ်တို့ သိတာပေါ့။ ထုတ်လိုက်တာ မှန်တယ် မမှန်ဘူး ဆိုတာ အဆင့်ဆင့် အယူခံလို့ ရတာပေါ့။ အင်အားပြန်ဖြည့်တာကတော့ အလုပ်အမှုဆောင် အဆင့်ဆင့်ကို သွားနေတာပါ။ လူငယ်ကဏ္ဍ မရောက်သေးပါဘူး” ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။   

Most Read

Most Recent