ကျောင်းပြင်ပ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားခွင့် အပြည့်အ၀ ရရှိစေရေး နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး

ကျောင်းပြင်ပ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားခွင့် အပြည့်အ၀ ရရှိစေရေး နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး
ကျောင်းပြင်ပ မူလတန်းပညာရေး တက်ရောက်နေသူအချို့အား တွေ့ရစဉ်
ကျောင်းပြင်ပ မူလတန်းပညာရေး တက်ရောက်နေသူအချို့အား တွေ့ရစဉ်
Published 10 September 2016
အေးပပ

ကျောင်းပြင်ပ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားခွင့် အပြည့်အဝရရှိစေရေးအတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးလျက်ရှိကြောင်း ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှ သိရသည်။             နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်ရန် ဆွေးနွေးရာတွင် ကျောင်းပြင်ပမူလတန်း ပညာရေး ကျောင်းသားကျောင်းသူများအနက် ကျောင်းတက်မှန်သူများအတွက် လစဉ် ထောက်ပံ့ရေး အစီအစဉ်၊ ကျောင်းပြင်ပ မူလတန်းပညာရေး တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ၏ မိဘများအတွက် မြို့နယ်အချို့တွင် အသေးစား ငွေချေးရေးအစီအစဉ်၊ ကျောင်းပြင်ပ မူလတန်းပညာရေး ပြီးဆုံး၍ အလယ်တန်း၊ အထက်တန်း တက်ရောက်နေသူများအတွက် မွေးစားမိဘများ ထားရှိ၍ ပံ့ပိုးပေးမည့် အစီအစဉ် (Foster Parents) စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။    “ကျောင်းပြင်ပ ရောက်နေတဲ့ကလေးတွေ ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်နဲ့ ချိတ်ဆက် တက်ရောက်နိုင်အောင်၊  ကျောင်းနေမြဲအောင်၊ ပညာပြီးဆုံးအောင် သင်ယူနိုင်အောင် နည်းလမ်းအသွယ်သွယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် စီစဉ်ဆွေးနွေးနေပါတယ်။ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှာ ကျောင်းတက်မှန်တဲ့သူတွေကို တစ်လငါးထောင်နှုန်းကို ယူနက်စကိုနဲ့ အလှူရှင်ကြီးတွေကနေ ထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေရှိနေပါတယ်။ဒီလိုပုံစံမျိုးကို ကျောင်း ပြင်ပ မူလတန်း ပညာရေးအစီအစဉ်အနေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ဆွေးနွေးနေပါတယ်။ ကျောင်း ပြင်ပ မူလတန်းပညာရေး တက်ရောက်နေတဲ့ ကလေးတွေ ကျောင်းနေမြဲဖို့အတွက်ကလည်း မိဘတွေရဲ့စီးပွားရေးနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် မိဘတွေကိုလည်း အသေးစား ငွေချေးပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုပ်ကိုင်စေမယ်ဆိုရင်လည်း ကလေးတွေပညာရေးကို တစ်ဖက်တစ်လမ်းနဲ့ ပံ့ပိုးပေးသလိုဖြစ်စေမှာပါ။ ပြီးတော့ Foster Parent အစီအစဉ်ကတော့ ကလေးတွေကို အလှူရှင်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အလှူရှင်အနေနဲ့ ကိုယ်ထောက်ပံ့တဲ့ကလေးကိုလည်း သိရှိခွင့်ရမှာဖြစ်ပြီးတော့ တိုက်ရိုက်ထောက်ပံ့နိုင်တဲ့ အစီအစဉ်ပါ။ ဒါ့ကြောင့် ဒီအစဉ်အစဉ်တွေနဲ့  ကလေးတွေ ပညာရေး ပြီးဆုံးအောင် သင်ယူနိုင်ဖို့အတွက်ကို ဆွေးနွေးနေပါတယ်” ဟု ကျောင်း ပြင်ပ မူလတန်းပညာရေး အစီအစဉ်မှ ဒေါက်တာတင်ညိုက ဆိုသည်။ကျာင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ပြီးဆုံး၍ အတန်းကျောင်း ပညာရေး အလယ်တန်းအဆင့် ပဉ္ဇမတန်းသို့ ချိတ်ဆက် တက်ရောက်သူဦးရေမှာ တစ်နှစ်ထက် တစ်နှစ် များပြားလာပြီး ယင်းအစီအစဉ် စတင်ဆောင်ရွက်သည့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်နှင့် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တို့တွင် ၂၂ ရာခိုင်နှုန်း၊၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ၂၈ ဒသမ ၁၀ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ၂၃ ဒသမ ၃၇ ရာခိုင်နှုန်း၊၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၂၇ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၃၈ ဒသမ ၈၁ ရာ ခိုင်နှုန်း၊၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ၃၇ ဒသမ ၉၁ ရာခိုင်နှုန်းရှိပြီး ယခု ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် ရာခိုင်နှုန်း ၄၀ ရှိကြောင်း သိရသည်။

Most Read

Most Recent