တိုင်းရင်းသား အမေရိကန်တို့ ဆန့်ကျင်နေသော ရေနံပိုက်လိုင်း တည်ဆောက်ရေးအား အစိုးရက ရပ်ဆိုင်း

တိုင်းရင်းသား အမေရိကန်တို့ ဆန့်ကျင်နေသော ရေနံပိုက်လိုင်း တည်ဆောက်ရေးအား အစိုးရက ရပ်ဆိုင်း
Published 10 September 2016

မြောက်ဒါကိုတာရှိ အငြင်းပွား ရေနံပိုက်လိုင်း တည်ဆောက်ရေးအား ရပ်ဆိုင်းရန် အမေရိကန် အစိုးရက စက်တင်ဘာ ၉ ရက်တွင် ကြိုးပမ်းခဲ့ပြီး ဖက်ဒရယ်မြေပေါ်တွင် တည်ဆောက်မှုများအား ပိတ်ပင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းရင်းသားနယ်မြေ အနီး ပိုက်လိုင်းတည်ဆောက်မှုအား ဆန္ဒအလျောက် ရပ်ဆိုင်းရန် Energy Transfer Partners ကုမ္ပဏီအား အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုင် ၁၂၀၀ ကျော် ရှည်လျားသော Dakota Access Pipeline ပိုက်လိုင်းသည် သောက်သုံးရေ ရရှိမှုအား ခြိမ်းခြောက်မည်ကို စိုးရိမ်သောကြောင့် အမေရိကန် တိုင်းရင်းသား မျိုးနွယ် Standing Rock Sioux Tribe တို့က ဆန့်ကျင်နေသည်။ မစ်ဆူရီမြစ်ကို ဖြတ်ကျော်မည့် ပိုက်လိုင်းလမ်းကြောင်းသည် မူလတိုင်းရင်းသားများအတွက် သီးသန့် နယ်မြေနှင့် မိုင်ဝက်ခန့်သာ ဝေးသော နေရာတွင် ရှိပြီး ပိုက်လိုင်းကြောင့် အနီးရှိ မူလတိုင်းရင်းသားမြေများကို ဖျက်ဆီးနိုင်သည်ဟု Standing Rock Sioux Tribe တို့က ပြောကြားထားသည်။
ပိုက်လိုင်းတည်ဆောက်မှု ရပ်တန့်ရန် Standing Rock Sioux Tribe တို့က တောင်းဆိုမှုအား ဖက်ဒရယ် တရားသူကြီး တစ်ဦးက ပယ်ချခဲ့ပြီးနောက် အမေရိကန် အစိုးရက တည်ဆောက်ရေး ဆိုင်းငံ့ရန် တောင်းဆိုမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မြောက်ဒါကိုတာပြည်နယ်မှ ရေနံများကို သယ်ပို့ပေးမည့် ပိုက်လိုင်းသည် အမေရိကန်၏ အခြားနေရာများသို့ ရေနံများကို စရိတ်သက်သာစွာဖြင့် တင်ပို့နိုင်ပြီး ကနေဒါ၏ ဈေးပိုမိုသက်သာသော ရေနံများကို ယှဉ်ပြိုင်နိုင်စေမည်ဟု ပိုက်လိုင်းတည်ဆောက်သူများက ပြောကြားထားသည်။
Ref: AFP

Most Read

Most Recent