မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ စင်ကာပူက စီမံကိန်း ၁၇ ခုမှ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့် အများဆုံး လုပ်ကိုင်ခွင့်ရရှိ

မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ စင်ကာပူက စီမံကိန်း ၁၇ ခုမှ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့် အများဆုံး လုပ်ကိုင်ခွင့်ရရှိ
Published 7 September 2016
နီလာ

၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ရာ စင်ကာပူက စီမံကိန်း ၁၇ ခုမှ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့် အများဆုံး လုပ်ကိုင်ခွင့် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံက စီမံကိန်း ၁၇ ခု ဝင်ရောက်လုပ် ကိုင်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုပမာဏ တန်ဖိုး ဒေါ်လာ ၁၅၈၅ ဒသမ ၁၃၉ သန်းဖြင့် အများဆုံး ဝင်ရောက်လုပ်ကိုင်နေသည်။ ထို့နောက် ဟောင်ကောင်က စီမံကိန်းနှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တန်ဖိုး ဒေါ်လာ ၂၂၂ ဒသမ ၃၄၅ သန်းဖြင့် ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံက စီမံကိန်းတစ်ခုတွင် ဒေါ်လာသန်း ၈၀ ဖြင့်လည်းကောင်း၊ မလေးရှားနိုင်ငံက စီမံကိန်းတစ်ခုတွင် ဒေါ်လာ ၁၅ သန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၇၆၈ သန်းတန်ဖိုးရှိ  စီမံကိန်းတစ်ခု ဝင်ရောက်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မြို့ပြတိုးတက်ရေး လုပ်ငန်းများ လျင်မြန်စွာ တိုးတက်ဖော်ဆောင်လာနေပြီး နိုင်ငံတွင်း နေထိုင်သူဦးရေ၏ (၂၀၁၅ လူဦးရေအရ ၃၄ ဒသမ ၁ ရာခိုင် နှုန်းခန့်) သုံးပုံတစ်ပုံခန့်သည် မြို့ပြဒေသများတွင် နေထိုင်သူများ ဖြစ်ကြကြောင်း၊ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ်တိုးတက် ပြောင်းလဲသောန ှုန်းထားမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထိုသို့ တိုးတက်ဖြစ်ပေါ်နေသည့် အခြေအနေများအတွက် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ လိုက်ပါတိုးတက်ရန် လိုအပ်နေကြောင်း House.com.mm မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၆၅ ရာခိုင်နှုန်းခန့်သည် Power၊ Oil နှင့် Gas လုပ်ငန်းများတွင်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးတွင်မူ ငါးရာခိုင်နှုန်းပမာဏ ဝန်းကျင်သာ ရှိနေကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများမှာ ပမာဏအားဖြင့် နည်းနေသေးပြီး လက်ရှိ အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကဏ္ဍအသီးသီး ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၃၀ ကျော်ရှိနေပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကဏ္ဍအသီးသီး၏ ငါးရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ၄၄၀ ဒသမ ၅ သန်း၊ ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၀ ဒသမ ၇ သန်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇၂၈ ဒသမ ၆၈၀ သန်းစီ ရှိခဲ့သည်။              
 

Most Read

Most Recent