မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် ဓားထောက် အနုကြမ်းစီးမှုဖြစ်ပွားပြီး ကျူးလွန်သူများ ထွက်ပြေးစဉ် ကားတိုက်ခံရ၍ ဆေးရုံရောက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၁၃x၁၄ အကြား ပြည်လုံးချမ်းသာ အမှတ် (၅၄) ရပ်ကွက်တွင် စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီခွဲက တံခွန်တိုင် ပီနန်ကော်စေ့စက်ရုံပိုင်ရှင် ဦးကျော်ကျော်လွင် နေအိမ်တွင် မရှိခိုက် ဝန်ထမ်းဟောင်း ကျော်မင်းအောင်မှာ အဖော်တစ်ဦးနှင့်အတူ ရောက်ရှိလာပြီး ဦးကျော်ကျော်လွင်၏ ဇနီး ဒေါ်နီနီအောင် အား ဓားဖြင့်ထိုးကာ ဆွဲကြိုး နှင့် ဖုန်းတို့အား ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၄) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။တံခွန်တိုင် ပီနန်ကော်စေ့စက်ရုံတွင် အလုပ်လုပ်ကိုင်ဖူးသူ ကျော်မင်းအောင်က စက်တင်ဘာ ၆ ရက်နံနက်တွင် နေအိမ်သို့ ရောက်လာစဉ် ဇနီးဖြစ်သူ၏ ဖုန်းဖြင့် ကျော်မင်းအောင်မှ မိမိထံ ဖုန်းဆက်ရာ အပြင်တွင် ရောက်ရှိနေပြီး မကြာခင် ပြန်လာမည်ဟု ဖြေလိုက်ကြောင်း၊ ကျော်မင်းအောင်မှ ထမင်းဆိုင်တွင် စောင့်နေမည်ဟု ပြောကြားခဲ့ကြောင်း၊ လုယက်ခံရသူ ဒေါ်နီနီအောင်၏ အမျိုးသား ဦးကျော်ကျော်လွင်က ပြောကြားသည်။“ခဏနေတော့ ကျွန်တော့်အမျိုးသမီးဖုန်း ထပ်ဝင်လာတယ်။ ဖုန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံ ကြားတော့ ကျွန်တော်လည်း စိုးရိမ်ပြီး အိမ်ကို အမြန်ပြန်လာတယ်။ အိမ်ရောက်မှ လုယက်သွားမှန်း သိတယ်။ ၁၀ သားရှိတဲ့ ရွှေဆွဲကြိုးရယ်၊ ရွှေနားကပ်ရယ်၊ ဆမ်ဆောင်း S-5 တစ်လုံးရယ် ယူသွားတယ်”ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။ကျူးလွန်ခံရသူ ဦးကျော်ကျော်လွင်၏ ဇနီးနှင့် လူငယ်နှစ်ဦး လုံးထွေး သတ်ပုတ်နေသည်ကို အိမ်နီးချင်းတစ်ဦးက မြင်တွေ့သဖြင့် ဘာဖြစ်ကြတာလဲဟု မေးစဉ် ဦးကျော်ကျော်လွင်၏ ဇနီးက ကယ်ကြပါဦးဟု အော်ဟစ် အကူအညီတောင်းခံကြောင်း၊ လုယက်သူ နှစ်ဦးမှာ 125 ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။ထိုသို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ်လမ်း ၈၀၊ ၃၄ လမ်းတွင် ကွေ့ရန် စောင့်နေသော ကားအား အနောက်မှ ဝင်တိုက်မိပြီး လုယက်သူ တစ်ဦးဖြစ်သူ ကျော်မင်းအောင်မှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံတင်ထားရကြောင်း အမှတ် (၄) ရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“အလုခံရတဲ့ ဒေါ်နီနီအောင်တွင် ရင်ဘတ်၊ လက်မောင်း၊ ကျောနဲ့ မျက်နှာမှာ ဓားဒဏ်ရာတွေ ရသွားပါတယ်။ ရင်အုံညာဘက် အပေါ်က ဓားဒဏ်ရာတစ်ချက်က နည်းနည်း နက်သွားတော့ စိုးရိမ်ရပါတယ်။ နားကပ်ချွတ် မရတော့ ဓားနဲ့ နားရွက်ကိုဖြတ်ဖို့ လုပ်ပါသေးတယ်။ အခု ဆေးရုံအရေးပေါ်ဌာနကို တင်ထားပါတယ်။ ဝင်လုတဲ့သူနှစ်ယောက်အနက် ကျော်မင်းအောင်ဆိုတဲ့သူက ထွက်ပြေးရင်းနဲ့ ကာတိုက်မိပြီး အခုဆေးရုံကြီးမှာ တင်ထားတယ်လို့ သိရပါတယ်။ အဲဒီ ကျော်မင်းအောင်က အခုအထိ သတိမရသေးပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။လာရောက် လုယက်သည့် ကျော်မင်းအောင်မှာ ဦးကျော်ကျော်လွင်ထံ အလုပ်လုပ်စဉ် လုပ်ငန်းကြိုထုတ်ငွေယူကာ အလုပ်မှ ထွက်သွားခြင်းကြောင့် ရပ်ကွက်ရုံးတွင် တိုင်ကြားခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။လာရောက် လုယက်သူများမှာ ကြိုတင် ကြံစည်ထားသည့်သဘော ရှိနိုင်ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်ဦးထုပ်များမှာ အခင်းဖြစ်နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း၊ ဓားအတိုနှင့် အရှည်တစ်လက် ပါလာပြီး ဓားအတိုမှာ အိမ်တွင် ကျန်ရစ်ခဲ့ကာ ဒေါ်နီနီအောင်ကို ထိုးသည့်ဓားကိုမူ ယူဆောင်သွားကြောင်း အမှတ် (၅၄) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသန်းဇော်က ပြောကြားသည်။အဆိုပါ အမှုအား အမှတ် (၄) ရဲစခန်းတွင် (ပ) ၁၇၃/၂၀၁၆၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ဝန်ထမ်းဟောင်းဖြစ်သူ ကျော်မင်းအောင်အား ဆေးရုံတွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အဖော်ပါသူတစ်ဦးအား စုံစမ်းရှာဖွေလျက် ရှိကြောင်း၊ လုယက်ခံရသည့် ပစ္စည်းများမှာ ကျော်မင်းအောင်၏ အဖော်ဖြစ်သူထံ ပါသွားနိုင်ကြောင်း အမှတ် (၄) ရဲစခန်းထံမှ သိရသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ အမှုကြီး ၁၀ မှု အပါအဝင်ဖြစ်သည့် လူသတ်မှု ၇၄ မှု၊ ဓားပြမှု ငါးမှုနှင့် လုယက်မှု ၂၂ မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် ဓားထောက် အနုကြမ်းစီးမှုဖြစ်ပွားပြီး ကျူးလွန်သူများ ထွက်ပြေးစဉ် ကားတိုက်ခံရ၍ ဆေးရုံရောက်