လပွတ္တာမြို့နယ် ရွှေကျွန်းသာတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်သူနှစ်ဖွဲ့ အချင်းများရာမှ တောင်သူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ

လပွတ္တာမြို့နယ် ရွှေကျွန်းသာတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်သူနှစ်ဖွဲ့ အချင်းများရာမှ တောင်သူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ
Published 4 September 2016
မင်းသူဝင်းထွဋ်

လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု ရွှေကျွန်းသာ သစ်တောကြိုးဝိုင်း အကွက် အမှတ် ၆ တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်က မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်သူနှစ်ဖွဲ့ အချင်းများရာမှ တောင်သူအချင်းချင်း မှိန်းဖြင့် ထိုးခြင်း၊ ဓါးဖြင့်ခုတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လူတစ်ဦး မှိန်းထိုးဖောက် ဒဏ်ရာဖြင့် သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ လည်ပင်း ဓားခုတ်ဒဏ်ရာကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ရွှေကျွန်းသာ သစ်တောကြိုးဝိုင်းအတွင်း မူလ လက်ငုတ် တောင်သူများနှင့် လက်ရှိ လက်ငုတ် တောင်သူများ နှစ်ဖွဲ့မှာ သစ်တောကြိုးဝိုင်းအတွင်းရှိ လယ်ယာမြေများနှင့် ပက်သက်၍ ပိုင်ဆိုင်မှု အငြင်းပွားခြင်း ဖြစ်ပေါ်နေသည်မှာ သုံးနှစ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ တောင်သူနှစ်ဖွဲ့ အနေဖြင့် အကြိမ်အကြိမ် လူစုလူဝေးဖြင့် အချင်းများမှုများမှာ ယမန်နှစ်စိုက်ပျိုးရာ သီချိန်တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး ထိုအချိန်က မူလလက်ငုတ် တောင်သူများအဖွဲ့မှ တောင်သူတစ်ဦးမှာ လက်ရှိလက်ငုတ်တောင်သူများအဖွဲ့မှ တောင်သူတစ်ဦး၏ လုပ်ဆောင်မှုကြောင့် မှိန်းထိုးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သေးကြောင်း၊ ယင်းအငြင်းပွားနေသည့် လယ်ယာမြေနေရာများတွင် မည်သည့်တောင်သူများအဖွဲ့မှ ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တားမြစ်ထားသော်လည်း လက်ရှိလက်ငုတ်တောင်သူများမှ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသောကြောင့် မြေနေရာလုယူမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်နေ့တွင် မူလလက်ငုတ်တောင်သူများအဖွဲ့မှ လက်ရှိလက်ငုတ်တောင်သူများဖြစ်သော ဦးအာလူး(ခ) ဦးဝင်းရွှေ အသက် (၄၅)နှစ်နှင့် ဦးထွန်းဇော်တို့ လုပ်ကိုင်နေသော လယ်ယာမြေများအတွင်း ကျွဲဝင်ကျောင်းရာမှ အချင်းများမှုများ ဖြစ်ပွားပြီး လူစုလူဝေးများ ဖြစ်ပေါ်ကာ လက်ရှိလက်ငုတ် တောင်သူများအဖွဲ့မှ ဦးအားလူး(ခ) ဦးဝင်းရွှေမှာ ကျွဲထိုးမှိန်းဖြင့် အထိုးခံခဲ့ခြင်း၊ ဦးထွန်းဇော်မှာ ခဲသီးအသုံးပြုထားသည့် လေးခွများဖြင့် အပစ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ကာ၊ အခြားသော တောင်သူတစ်ဦးပါ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မူလလက်ငုတ်တောင်သူများဘက်မှ တောင်သူဦးထွန်းဦးမှာ လည်ပင်းတွင် ဓားခုတ်ဒဏ်ရာ ရရှိခဲ့ပြီး အခြားသော တောင်သူနှစ်ဦးမှာလဲ ပြတ်ရှဒဏ်ရာများ အနည်းငယ်စီ ရရှိခဲ့ကြောင်း၊ လက်ရှိလက်ငုတ် တောင်သူများအဖွဲ့မှ မှိန်းဖြင့်အထိုးခံရသူ ဦးအာလူး(ခ) ဦးဝင်းရွှေမှာ ယင်းဒဏ်ရာနှင့်ပင် လပွတ္တာခရိုင် ပြည်သူ့ဆေးရုံသို့ အရောက်၌ သေဆုံးသွားခဲ့ပြီး၊ မူလလက်ငုတ် တောင်သူများအဖွဲ့မှ ဓားခုတ်ဒဏ်ရာ ရရှိခဲ့သူ ဦးထွန်းရီမှာ လပွတ္တာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေရလျက်ရှိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။“ဒီမနက်ဖြစ်စဉ်က ကျွန်တော့်ကွင်းထဲမှာ သူတို့က ကျွန်တော့စပါးတွေထဲမှာ သူတို့က ကျွဲတွေကို အုပ်လိုက်လာပြီးတော့ စားကျက်ချပြီးတော့ လူတွေလိုက်ဝိုင်းပြီး ကျောင်းနေတယ်၊ လိုက်ကျောင်းနေတော့ ကျွန်တော့်ကွင်းနီးနားစပ် ကောင်လေးတစ်ကောင်က အဲ့မှာ မျိုးလေးတွေနှုတ်နေတော့ ကျွန်တော်က ကျွဲသွားမောင်းလိုက်စမ်း ပြောလိုက်တော့၊ အဲ့ကောင်လေးက သွားမောင်းတယ်။ ခင်ဗျားတို့ကျွဲတွေ ဒီကို မလာစေနဲ့ ခင်ဗျားတို့ နေ့စဉ်နေ့တိုင်း ဒီလိုပဲ လာနေတာပဲ ဆိုတော့ အဲ့ကောင်လေးကို သူတို့က သားရေခွနဲ့ ပစ်တယ်။ ဒါနဲ့ ကောင်လေးက ပြန်ပစ်တယ်။ ကျွန်တော်ကတားတော့ ကျွန်တော့်ကို ပစ်တယ်။ ကျွန်တော်ထိလဲသွားရော ကျွန်တော့်အနားကို အုပ်ပြီးတော့ ပြေးတော့၊ အခုမှိန်းထိုးမိတဲ့ ကိုအားလူးဆီကို ရောက်သွားတယ်။ ကိုအားလူက မပစ်နဲ့လို့ ပြောတော့ သူနဲ့ လူချင်းကွဲသွားပြီး တအောင့်လောက်ကျတော့ သူလဲ မှိန်းတန်းလန်းနဲ့ ကျွန်တော့်ဆီကို ရောက်လာတယ်။ အဲ့ဒါနဲ့ သူ့ကို ကျွန်တော်ဖက်ပြီးတော့ ပြေးတယ်။ စက်လှေထဲ အတင်းထမ်းချပြီး ဆေးရုံခေါ်လာတာ၊ ဒီရောက်တော့ သေသွားတယ်” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူ လက်ရှိလက်ငုတ်တောင်သူများအဖွဲ့မှ ဦးထွန်းဇော်ကပြောသည်။တောင်သူများနှစ်ဖွဲ့ ပြောဆိုချက်မှာ ကွဲလွဲမှုများ ရှိနေပြီး မူလလက်ငုတ်တောင်သူများ အဖွဲ့မှ ဓါးဖြင့်အခုတ်ခံရသူ ဦးထွန်းရီး၏ ဇနီးဖြစ်သူ ဒေါ်မိုးမိုးက “ဖြစ်တာကတော့ မနက်ခြောက်နာရီလောက်က ကျွန်မအမျိုးသားက ကျွဲသွားလှန်တာပေါ့။ ကျွဲသွားလှန်တော့ ကျွဲတွေ စပါးသွားစားတာကနေ စကားများကြတာ။ ကျွန်မလဲ အိမ်မှာချက်ပြုတ်နေတော့ အသေချာ မသိဘူး။ ဓားခုတ်ခံရတယ် ကြားတယ်ဆိုလို့ ကျွန်မသွားကြည့်တော့ ကျွန်မယောင်္ကျား ဖြစ်နေတယ်။ ကျွန်မယောင်္ကျားက ဂုတ်မှာ ဓါးခုတ်ခံရတဲ့ ဒဏ်ရာရတယ်” ဟု ဒေါ်မိုးမိုးကပြောသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်စလူနယ်မြေ ရဲစခန်းမှ လက်ရှိလက်ငုတ် တောင်သူများဘက်မှ ဦးအာလူး(ခ)ဦးဝင်းရွှေ သေဆုံးခဲ့မှုအတွက် (ပ) ၃၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၃၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်တွင် ပါဝင်သည်ဟု စွပ်စွဲခံရသူများဖြစ်သော မူလလက်ငုတ် တောင်သူများအဖွဲ့မှ ဦးဝင်းမြင့် အသက်(၄၉)နှစ်၊ ဦးတင်ညွှန့် အသက်(၂၅)နှစ်၊ ကိုမျိုး အသက် (၄၄)နှစ်၊ ဦးဘိုကေစိန် အသက် (၅၂)နှစ်တို့အား ဖမ်းဆီးစစ်ဆေးနေလျှက် ရှိကြောင်း၊ မူလလက်ငုတ် တောင်သူများအဖွဲ့မှ ဦးထွန်းရီ ဓားဖြင့် အခုတ်ခံရမှုအတွက် (ပ) ၃၈/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသူ ဦးလှိုင်စိုး အပါအဝင် ခြောက်ဦးအား အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း၊ အချင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ရွှေကျွန်းသာ သစ်တောကြိုးဝိုင်း အတွင်းတွင် အချင်းပွားမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှု ဦးဆောင်သည့် အဖွဲ့မှ လုံခြုံရေးများ ချထားပြီး စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။