၂၁ ရာစု ပင်လုံညီလာခံ ပထမ အစည်းအဝေးပြီးဆုံး၊ ညီလာခံမှ သဘောထားများကို အခြေခံကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ခြောက်လအတွင်း ညီလာခံ ထပ်မံပြုလုပ်မည်

၂၁ ရာစု ပင်လုံညီလာခံ ပထမ အစည်းအဝေးပြီးဆုံး၊ ညီလာခံမှ သဘောထားများကို အခြေခံကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ခြောက်လအတွင်း ညီလာခံ ထပ်မံပြုလုပ်မည်
နေပြည်တော်တွင် စက်တင်ဘာ ၃ ရက်ကပြုလုပ်သော ၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့ကို တွေ့ရစဉ်
နေပြည်တော်တွင် စက်တင်ဘာ ၃ ရက်ကပြုလုပ်သော ၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့ကို တွေ့ရစဉ်
Published 3 September 2016
ငြိမ်းဇော်လင်း၊ ဇာလီမြင့်ဦး

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးသည် စက်တင်ဘာ ၃ ရက်တွင် ပြီးဆုံးခဲ့ပြီး ညီလာခံမှ သဘောထားများကို အခြေခံကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကာ ခြောက်လအတွင်း ညီလာခံထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စတင်ကာ လေးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးဖွင့်ပွဲနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NLD နာယက သူရဦးတင်ဦး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။ညီလာခံတွင် အစုအဖွဲ့အသီးသီးမှ တာဝန်ရှိသူ ၇၂ ဦးက သဘောထားအမြင်များ တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက တင်ပြခဲ့ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ဆောင်ရွက်ချက်များ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးချက်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များ ၊ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဆောင်ရွက်ချက်များကိုလည်း ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီက မှတ်တမ်းတင်ခဲ့သည်။ဆက်လက်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား ညီလာခံပြီးနောက် ဆက်လက်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးကို ယခု ညီလာခံကျင်းပပြီး သည့်နောက် ခြောက်လအတွင်း ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် ပါဝင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရမည်ဖြစ်သောကြောင့် ယခုညီလာခံပြီးဆုံးပြီးနောက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC မှ တာဝန်ရှိသူများက ပြောကြားသည်။ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက “ ဒီမှာ မူဝါဒ အမျိုးမျိုးတင်ပြတယ်။ ဒါပေမဲ့ ဒီလိုမတူတဲ့ အမြင်တွေ၊ မတူတဲ့ချဉ်းကပ်မှုတွေကို ကျွန်တော်တို့ လိုချင်လို့ပဲ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ မူဝါဒတွေကို တစ်နေရာကပဲ ချခဲ့တဲ့အတွက် အနှစ် ၆၀ ကျော် ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ အခုကတော့ အမျိုးမျိုးသော အမြင်ကို ကျွန်တော်တို့ ချပြကြတယ်။ တင်ပြကြတယ်။ အဲဒါတွေကို ကျွန်တော်တို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ထပ်ဆင့်ကျွန်တော်တို့တင်ပြမယ်။ အဲဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးလိုက်လို့ရှိရင် ကျွန်တော်တို့ ဒီတိုင်းပြည်အတွက် ပြည်ထောင်စုကြီးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် အကောင်းဆုံးသောရလဒ်ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ ရနိုင်မယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲ ထင်မြင်ပါတယ်” ဟု ပြောကြားသည်။အစည်းအဝေး ဒုတိယနေ့တွင် 'ဝ' လက်နက်ကိုင်အဖွဲ့ (UWSA) မှ ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာသွားခဲ့ကြပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မည်သူ့ကိုမျှ အပြစ်မတင်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိစေရန် ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီကို မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁ ရက် ရက်စွဲဖြင့်  'ဝ' အထူးဒေသ (၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းထံ အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်က နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး လေးရက်တာကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးတို့အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံထူထောင်ရေးအတွက် အခြေခံရမည့်မူများနှင့် ပတ်သက်၍ အများစု တင်သွင်းခဲ့ကြသည်။တပ်မတော်ကမူ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထား ရပ်တည်ချက် တင်သွင်းခဲ့သည်။ညီလာခံဖွင့်ပွဲနေ့တွင် ညီလာခံသို့ ပုံမှန် တက်ရောက်သူများ အပါအဝင် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သံတမန်များ၊ စုစုပေါင်း ၁၄၀၀ တက်ရောက်ခဲ့ကြောင်း ညီလာခံ ပူးတွဲကျင်းပရေးကော်မတီသို့ မှတ်တမ်းတင်သွင်းချက်အရ သိရသည်။
ညီလာခံသို့ AA၊ TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မှလွဲ၍ အစိုးရအဖွဲ့မှ ၇၅ ဦး၊ လွှတ်တော်မှ ၇၅ ဦး၊ တပ်မတော်မှ ၅၀၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၂၀၀၊ နိုင်ငံရေးပါတီများမှ ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၅၀၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ၅၀ နှင့်  လေ့လာသူများ၊ အထောက်အကူပြုသူများ ၅၀ နေ့စဉ် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent