အမေရိကန် သမ္မတ အိုဘားမား တရုတ်သို့ သမ္မတအဖြစ် နောက်ဆုံးခရီးစဉ် သွားရောက်

အမေရိကန် သမ္မတ အိုဘားမား တရုတ်သို့ သမ္မတအဖြစ် နောက်ဆုံးခရီးစဉ် သွားရောက်
စက်တင်ဘာ ၃ ရက်က ဟန်ကျိုးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန်သမ္မတ အိုဘားမား (Photo: AFP)
စက်တင်ဘာ ၃ ရက်က ဟန်ကျိုးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန်သမ္မတ အိုဘားမား (Photo: AFP)
Published 3 September 2016

အမေရိကန် သမ္မတ ဘာရက်အိုဘားမားသည် ၎င်းလက်ထက်တွင် ချမှတ်ခဲ့သော အာရှဗဟိုပြုမူ ဝါဒကို ခိုင်မာအောင် လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် သမ္မတအဖြစ် တရုတ်သို့ နောက်ဆုံးခရီးစဉ်ကို စက်တင်ဘာ ၃ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။ ကျွန်းစုများ ပျံ့နှံ့ တည်ရှိနေပြီး တရုတ်အနုပညာရှင်များက နှစ်သက်သော နေရာတစ်ခုဖြစ်သည့် တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့ရှိ West Lake တွင် အိုဘားမားက စက်တင်ဘာ ၃ ရက်နှောင်းပိုင်း၌ တရုတ် သမ္မတ ရှီကျင်ပင်းနှင့် သီးသန့် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဟန်ကျိုးတွင် ကျင်းပမည်ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ပါရီသဘောတူညီချက်ကို တရုတ်က စက်တင်ဘာ ၃ ရက် အစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် အိုဘားမားနှင့် ရှီ တွေ့ဆုံမှုအတွင်း ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို တိုက်ဖျက်ရေးအား အာရုံစိုက်မည်ဟု မျှော်လင့်ရသည်။ ပါရီသဘောတူညီချက်ကို အမေရိကန်ကလည်း အတည်ပြုမည်ဟု ပြောကြားထားရာ ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ ကြီးမားသောခြေလှမ်း ဖြစ်လာမည် ဖြစ်သည်။ တရုတ်နှင့် အာရှနိုင်ငံ အချို့အကြား ဆက်ဆံရေး တင်းမာစေခဲ့သော တောင်တရုတ် ပင်လယ်ရှိ နယ်မြေအငြင်းပွားမှု ပြဿနာကိုလည်း အိုဘားမားနှင့် ရှီတို့က ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်တွင် အိုဘားမားသည် ပြီးခဲ့သောဇူလိုင်က ဗြိတိန်ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သော ထရီဆာမေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည်ဖြစ်သည်။ ယင်းထိပ်သီး၏ ဘေးဆွယ်တွေ့ဆုံမှုတွင် အိုဘားမားက တူရကီ သမ္မတ ရီဆပ်တေယစ်အာဒိုဂန်နှင့် တွေ့ဆုံစဉ် ဆီးရီးယားအရေးကို အာရုံစိုက် ဆွေးနွေးမည်ဖြစ်သည်။ တူရကီတွင် မအောင်မြင်ခဲ့သော အာဏာသိမ်းမှုနှင့် တူရကီတောင်ပိုင်း နယ်စပ်များတစ်လျှောက် ကာ့ဒ်များ၏ လှုပ်ရှားမှုများအပြီး အမေရိကန်နှင့် တူရကီအကြား ဆက်ဆံရေး ဆိုးရွားခဲ့သည်။
ယင်းအာဏာသိမ်းမှု နောက်ကွယ်တွင် ပါဝင်သည်ဟု စွပ်စွဲထားသော မွတ်စလင် ဘာသာရေးဆရာ ဖေတူလာဂူလင်ကို အမေရိကန်က ခိုလှုံခွင့်ပေးထားသည်ဟု တူရကီက စွပ်စွဲခဲ့သည်။ ယင်းအာဏာသိမ်းမှုတွင် ပါဝင်ကြောင်း တူရကီက သက်သေအထောက်အထား ပြနိုင်ပါက ဂူလင်ကို ပြန်လည်လွဲှပြောင်းပေးမည်ဟု အမေရိကန်က တုံ့ပြန်ခဲ့သည်။
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တစ်ဝိုက်တွင် တိုက်ခိုက်မှုများ လျော့ကျစေရေး သဘောတူညီချက်တစ်ခု ရရှိနိုင်ရန် အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးများက ကြိုးပမ်းနေစဉ် အိုဘားမားသည် ယင်းထိပ်သီးကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံနိုင်ရန် အခွင့်အရေးအဖြစ် အသုံးချဖွယ် ရှိသည်။ စက်တင်ဘာ ၅ ရက်တွင် ဂျီ-၂၀ ထိပ်သီးအပြီး အိုဘားမားက အာဆီယံ ထိပ်သီး ကျင်းပမည့် လာအိုသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent