ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ခွဲထွက်ရေး မဟုတ်သဖြင့် တိုင်းပြည်၏ အနာဂတ် အရေးအတွက် အပြန်အလှန် အသိအမှတ် ပြုမှုများဖြင့် လူထုအကျိုးစီးပွားကို ရှေ့တန်းတင် လုပ်ဆောင်ရန် အရေးကြီးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပြောကြား

ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ခွဲထွက်ရေး မဟုတ်သဖြင့် တိုင်းပြည်၏ အနာဂတ် အရေးအတွက် အပြန်အလှန် အသိအမှတ် ပြုမှုများဖြင့် လူထုအကျိုးစီးပွားကို ရှေ့တန်းတင် လုပ်ဆောင်ရန် အရေးကြီးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပြောကြား
Published 1 September 2016
မျိုးမင်းထက်

ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ခွဲထွက်ရေး မဟုတ်သဖြင့် တိုင်းပြည်၏ အနာဂတ် အရေးအတွက် အပြန်အလှန် အသိအမှတ် ပြုမှုများဖြင့် လူထုအကျိုးစီးပွားကို ရှေ့တန်းတင် လုပ်ဆောင်ရန် အရေးကြီးဟု သြဂုတ် ၃၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနှစ်ဦး အဖွင့်နှုတ်ဆက်စကား ပြောကြားရာတွင် UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံရဲ့ ဆောင်ပုဒ်ကို အတိအလင်း ကြေညာထားချက်အရ အပြည့်အ၀ ထောက်ခံကြောင်းနှင့် ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံသဘောတူညီချက်မှာ ယခင်ကရှိခဲ့သည့် အခြေခံအောက်ကနေ ဖော်ဆောင်တာဖြစ်သလို ယခုတစ်ကြိမ်တွင်လည်း မတူကွဲပြားသည့် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်ကျင်းပသည်ဟု နားလည်ကြောင်းနှင့် အားလုံးတန်း တူရည်တူ အခြေခံအောက်တွင် တိုင်းပြည်၏ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာဆွေးနွေး ကြရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင် ကြရန်က ပို၍အရေးကြီးကြောင်း၊ လက်ရှိ ညီလာခံသည် ဖွင့်ပွဲအခမ်းအနားသာ ဖြစ်သည့်အတွက် တိုင်းပြည်၏ အနာဂတ်အရေးကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ရန်အတွက် ပထမခြေလှမ်းမှု ဖြစ်တာကြောင့် နောင်ပြုလုပ်မည့် ညီလာခံများအတွက် ကောင်းမွန်သည့် အစပျိုးမှု ဖြစ်ပါစေကြောင်း လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားသည်။

UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
“ဟိုတုန်းက ကျွန်တော်တို့ပြောခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခုကျွန်တော်တို့ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူး ဆိုတာကို ပြောလိုတယ်။ တစ်ခုပဲ ပြောလိုတာကတော့ တန်းတူရည်တူ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်နိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်လို အပြန်အလှန် အသိအမှတ်ပြုကြပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြမယ် မျှဝေခံစားကြမယ် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ သာစေနာစေ မဟုတ်တဲ့ ညီအစ်ကို မောင်နှမစိတ်ဓာတ် သို့မဟုတ် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြဖို့တော့ အလွန်အရေးကြီးပါတယ်။ ဗမာမဟုတ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတစ်တွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာပြုခဲ့ကြတဲ့ ကတိချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲ ဆိုတာကို ပြောလိုပါတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပင်လုံကတိကဝတ် ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်လာတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အခုစတင်ကျင်းပတဲ့ ညီလာခံကနေ ရှေ့ဆက်ပြီး ညီလာခံတွေမှာ ပင်လုံစိတ်ဓာတ် ကတိကဝတ်နဲ့ သဘောတူညီချက်တွေကို ယုတ်လျော့ပျက်ပြယ် တိမ်းစောင်း မှေးမှိန်စေခြင်း အလျှင်းမရှိစေဘဲ အထူးသတိထားပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်ဆောင်ကြဖို့ အလွန်အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ဆောင်ရွက်ကြတဲ့နေရာမှာ စိတ်ရှည်သည်းခံခြင်း သဘောထားကြီးခြင်း နားလည်မှုရှိခြင်း ယုံကြည်မှုရှိခြင်းနဲ့ ခွင့်လွှတ်တတ်ခြင်းတို့ကို အခြေခံဖို့လည်း အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဖက်ဒရယ် အသွင်သဏ္ဌာန် ဆောင်ပေမယ့် အနှစ်သာရ ချို့တဲ့အားနည်းမှု ရှိနေတာကိုတော့ ဝန်ခံရမည် ဖြစ်ကြောင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံအပြီး စတင်ဆွေးနွေးကြမည့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ မတူကြသည့် အစွန်းနှစ်ဖက်မှာရှိသည့် ဖက်ဒရယ်ပန်းတိုင်ကို ကဏ္ဍကြီးငါးခုမှ မည်သည့်အခြေခံကို စတင်သဘောတူရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် လက်တွေ့အကောင်အထည် ဖော်ကြမည့်အချိန် ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “NCA လက်မှတ်ရေးထိုးအပြီး ကျင်းပတဲ့ ၂၀၁၆ ဇန် နဝါရီလ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ညီလာခံ) UPC ဟာ နိုင်ငံရေးအရ နိုင်ငံရေးမာရသွန် အပြေးပြိုင်ပွဲအတွက် ဖွင့်ပွဲကြိုးဖြတ်ခြင်းပဲဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဟာ တာထွက်သော ခရာသံပဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ NCA ဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခု မဟုတ်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရောက်ရှိဖို့ ထိုးလိုက်တဲ့ တံတားတစ်စင်း ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ အားလုံးအတွက် ပန်းတိုင်ပါ” ဟု ပြောကြားသည်။

Most Read

Most Recent