ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံနှင့် ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် NCA ကို အခြေခံမူအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံနှင့် ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် NCA ကို အခြေခံမူအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 31 August 2016
စိုးမင်းထိုက်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံနှင့် ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံမူအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၃၁ ရက်က MCC-2 ၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနိုင်ခဲ့ခြင်းနှင့် ယခုအခမ်းအနား ပြုလုပ်နိုင်ခြင်းတို့သည် ပါတီစုံဒီမိုက ရေစီခေတ်ကာလ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ကြိုးစားအားထုတ်မှုများ၏ အောင်မြင်မှု ရလဒ်များသာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်အနေနှင့် ခေတ်အဆက်ဆက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ယုံကြည်ချက်ခံယူချက်နှင့် သဘောထားအမြင်များ မည်မျှပင် ကွာခြားခဲ့သော်လည်း ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူလိုစိတ်အပေါ် အရင်းခံ၍ ရပ်တည်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း တပ်မတော်အနေနှင့် ဒို့တာဝန် အရေးသုံးပါးအပေါ် အခြေခံကာ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒသုံးရပ်အပေါ် ရပ်တည်၍ အဖွဲ့အစည်းမျိုးစုံနှင့် လက်တွဲပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်အနေနှင့် လုပ်ငန်းများ အောင်မြင်ရန် ဖြစ်နိုင်သည်များ အားလုံးကို ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ် သည်လည်း အတိတ်သမိုင်းကြောင်း တစ်လျှောက်တွင် တွေ့ကြုံသိမြင် ခံစားခဲ့ရသည်များကို လက်ရှိအခြေအနေများနှင့်ယှဉ်ပြီး သုံးသပ်ဖော်ထုတ် ထားခြင်းဖြစ်၍ နှစ်ဖက် စလုံးက လိုက်နာလုပ်ဆောင်သင့်သည့် အခြေခံ အချက်အလက်များ ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒများကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိစေရန် အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည် သင့်မြတ်စေရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း  ပိုမိုခိုင်မာအားကောင်း စေမည်ဖြစ်ကြောင်း ပြောကြားသည်။
“ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ညီလာခံကြီးဟာ လပေါင်းများစွာ အချိန်ယူ ဆောင်ရွက်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တွေ့ဆုံမှုတွေနဲ့ အကြိမ်ကြိမ် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ကျွန်တော်တို့ရဲ့ အားသာချက်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးနိုင်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီစာချုပ်မှာပါတဲ့ အချက်အလက် အများစုဟာ စာချုပ်ရေးဆွဲခဲ့တဲ့ ကာလတစ်လျှောက် အတူတကွ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို အဓိက အခြေခံထား ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပြန်လည်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ ဆက်လက်ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဒီ NCA ကိုပဲ အခြေခံမူအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားဖို့ လိုပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာ ထက်ထက်သန်သန်နဲ့ အချိန်တိုအတွင်း အကောင်အထည် ဖော်ကြဖို့ အကြံပြုလိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင်လည်း ဘေးပယောဂတွေ ဝင်ရောက်စွက်ဖက်မှုတွေ ကြိုးကိုင်ခြယ်လှယ် လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲ ယုံကြည်မှု တည်ဆောက်ထားပြီးသား အရာများ ပျောက်ပျက်သွားနိုင်ခြင်း၊ ပွတ်တိုက်မှုများပြား လာနိုင်ခြင်းတို့ကြောင့် အခုလို အကြံပြုပြောကြားရခြင်း ဖြစ်ပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။     
 

Most Read

Most Recent