Facebook လူမှုကွန်ရက် စာမျက်နှာထက်တွင် ပရိသတ် အားပေးမှု ရရှိထားသည့် မော်ဒယ်တစ်ဦးမှာ လုလုအောင်ပင် ဖြစ်သည်။ ဆွဲဆောင်မှုရှိသည့် ဟန်ပန်ကိုပေါ်လွင်စေသည့် ဓာတ်ပုံရိုက်ကူးမှုများဖြင့် ပရိသတ် အခိုင်အမာ ရရှိထားသူဖြစ်သည့် လုလုအောင်သည် လတ်တလောတွင် အလှဓာတ်ပုံနှင့် ကြော်ငြာများ ရိုက်ကူးရန် များစွာကမ်းလှမ်းခံထားရသူ ဖြစ်သည်။ သမီးတစ်ယောက် မိခင်ဘဝဖြင့် ဝါသနာပါရာ အနုပညာ ခရီးလမ်းကို လျှောက်လှမ်းနေသူ မော်ဒယ်လုလုအောင်နှင့် တွေ့ဆုံ၍ အနုပညာ ခရီးလမ်းဖြတ်သန်းမှု အတွေ့အကြုံများနှင့် သမီးတစ်ယောက် မိခင်ဘဝအဖြစ် ယုံကြည်လျှောက်လှမ်းနေမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။■ မေး - အနုပညာလောကထဲကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်ရှိလာခဲ့တယ် ဆိုတာလေး ပြောပြပေးပါဦး။ဖြေ - ၂၀၀၄ ခုနှစ်မှာ အနုပညာ အလုပ်တွေ စလုပ်ဖြစ်တာပါ။ ပြိုင်ပွဲတွေပြိုင် ဖြစ်တယ်။ ကြော်ငြာတို့ အလှဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ နည်းနည်းပါးပါးပဲနော်။ အဲဒီတုန်းကတော့ မီဒီယာတွေကလည်း ဒီလောက်မဖွံ့ဖြိုးသေးတော့ သိပ်တော့လည်း မသိကြဘူးပေါ့။ ပြီးတော့ အိမ်ထောင်ကျသွားပြီး ကလေးမွေးလိုက်တယ်။ အဲဒါနဲ့ပဲ ဆက်မလုပ်ဖြစ်တော့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ အားလပ်ချိန်လေးတွေမှာ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ ပြီးတော့ တစ်ပုံစနှစ်ပုံစ အွန်လိုင်းပေါ်တင်ရင်းနဲ့ ပရိသတ်ကလည်း သိသွားကြတာပါ။■ မေး - ဒါဆိုတစ်ကျော့ပြန် အနုပညာလောကထဲ ရောက်လာတဲ့အချိန်မှာ ကြုံရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲဆိုရင်ရော။ဖြေ - ဒုတိယအကြိမ် ပြန်လုပ်ဖြစ်တဲ့ အချိန်မှာ အားသာတာက စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားတော့တယ်။ အားလပ်ချိန် Relax လုပ်ရင်းနဲ့ ပေါ့ပေါ့ပါးပါးပဲ လုပ်ဖြစ်တာဆိုတော့ စိတ်မပင်ပန်းဘူး။ စိန်ခေါ်မှု ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒီလိုပဲ အွန်လိုင်းသုံးတဲ့ သူတွေက သိသွားကြတာပါ။■ မေး - အွန်လိုင်းသုံးရင်းနဲ့ပဲ ပရိသတ် သိလာတာဆိုတော့ နေ့စဉ်နေထိုင်မှု အကြောင်းအရာတွေကိုရော ပုံမှန်တင်ဖြစ်တာလား။ဖြေ - အဓိကတော့ အွန်လိုင်းသုံးတယ်ဆိုတာ အပန်းဖြေတဲ့ အနေနဲ့ သုံးတာပါ။ ဓာတ်ပုံတင် ဖြစ်တယ်ဆိုတာလည်း ကိုယ်ကလည်း ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါတယ်။ အပြင်သွားဖြစ်တဲ့ အချိန်မှာလည်း သွားဖြစ်တဲ့ နေရာလေးတွေမှာ အမှတ်တရ ရိုက်ဖြစ်တာကို တင်ဖြစ်တဲ့ သဘောပါပဲ။ Page ကလည်း မောင်လေး တစ်ယောက်က လုပ်ပေးတာ။ အမှတ်တရလေးဖြစ်အောင်ဆိုပြီး အဲဒီမှာလည်း ဓာတ်ပုံလေးတွေ တင်ဖြစ်တာပါ။■ မေး - ဓာတ်ပုံရိုက်ကူးတဲ့ Post ပိုင်းနဲ့ ပတ်သက်လို့လည်း ပရိသတ်တွေ သဘောကျတယ်ဆိုတော့ အဲဒီ အပိုင်းကိုရော ပြင်ဆင်လေ့လာဖြစ်လား။ဖြေ - လုလုက အရင်ကတည်းက Fitness Model ကိုသဘောကျတယ်။ နိုင်ငံခြားက မော်ဒယ်တွေရဲ့ ပုံစံလေးတွေကိုလည်း သဘောကျတယ်။ ဒါကြောင့် လေ့လာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ အဆင်ပြေတာလောက်ပဲ အတုယူဖြစ်ပါတယ်။■ မေး - Attractive ပုံစံဖြစ်တယ်လို့လည်း ပြောကြတယ်ဆိုတော့ ဓာတ်ပုံရိုက်ကူးမယ့် အချိန်မှာ ဝတ်စားဆင်ယင်မှု အပိုင်းကအစ ဘယ်လိုပြင်ဆင်လဲ။ဖြေ - ပုံစံတစ်ခုနဲ့တစ်ခု မတူအောင်တော့ အမြဲစဉ်းစားပါတယ်။ ကိုယ်ဓာတ်ပုံရိုက်တဲ့အခါ ဝတ်ဆင်ရမယ့် အဝတ်အစားပေါ် မူတည်ပြီး ခန္ဓာကိုယ် အချိုးအစား အဆင်ပြေအောင် Gym ဆော့ရတာမျိုးတွေလည်း ရှိတယ်။ ပရိသတ် အမြင်လည်း မရိုင်းအောင်၊ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်လည်းဖြစ်အောင် အများကြီးတော့ ပြင်ဆင်ဖြစ်ပါတယ်။ လုလုကိုယ်တိုင်လည်း Attractive Model ဟန်ပန်မျိုး ရိုက်ရတာကို ကြိုက်တယ်။■ မေး - Sexy ဆန်ဆန် Post တွေ ဓာတ်ပုံရိုက်တဲ့အခါ ပရိသတ်အမြင်လည်း အရမ်းမရိုင်းအောင် ဘယ်လိုသတိထားဖြစ်လဲ။ဖြေ - ဆွဲဆောင်မှုရှိတာကို သဘောကျပေမယ့် အရမ်းရိုင်းတာမျိုးလည်း မဖြစ်ချင်ဘူး။ အရမ်း အိုဗာဖြစ်သွားမှာလည်း ကြောက်တယ်။ ကိုယ်ကလည်း သမီးရဲ့ မိခင်တစ်ယောက် အနေနဲ့ အမြဲတမ်းပဲ စဉ်းစားပါတယ်။■ မေး - ပရိသတ်အချင်းချင်း အငြင်းပွားတာမျိုးတွေအထိ အားပေးကြတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။ဖြေ - ပထမတော့ အဲဒါလေးတွေ တွေ့ရတော့ စိတ်တွေအရမ်းလှုပ်ရှားရတယ်။ ကောင်းတာ ဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ် ဘယ်လိုပဲရေးကြပေမယ့် ကိုယ်ကတော့ အပြုသဘောဆောင်တဲ့ အမြင်နဲ့ပဲ စဉ်းစားပါတယ်။ ကိုယ့်အတွက်ကောင်းဖို့ ဖြစ်လာတယ်လို့ ခံယူထားပါတယ်။■ မေး- နောက်ပိုင်းရော ဓာတ်ပုံမော်ဒယ်အဖြစ်ပဲ ဆက်လုပ်ဖြစ်မလား။ဖြေ - ဓာတ်ပုံမော်ဒယ် အလုပ်က ကိုယ်လည်း ဝါသနာပါတယ်။ ကျွမ်းကျင်တဲ့ အလုပ်လည်း ဖြစ်တယ်လေ။ သရုပ်ဆောင်အလုပ်က ကိုယ်လည်းမကျွမ်းကျင်ဘူး။ ဒါကြောင့် အခုအချိန် အထိတော့ သရုပ်ဆောင်လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ပေါ့ပေါ့ပါးပါးစိတ်နဲ့ပဲ မော်ဒယ်ဆက်လုပ်သွားဖို့ စိတ်ကူးထားတယ်။■ မေး - ညီမလေးလက်က တက်တူးလေး အကြောင်းလည်း ပြောပြပါဦး။ဖြေ - တက်တူးကတော့ ငယ်ငယ်တုန်းက စိတ်နဲ့ထိုးဖြစ်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ လေးနှစ်လောက်က တက်တူးလည်း အရမ်းထိုးချင်တယ်။ ပန်းတွေဘာတွေ ထိုးမယ်ဆိုလည်း အရမ်းမိန်းကလေးဆန်မယ်။ စာသားထိုးချင်တယ်ဆိုပြီး စဉ်းစားတော့ ဂျူးဘာသာ စကားနဲ့ ထိုးဖြစ်သွားတာ။ စိတ်ပျက်တဲ့အချိန်၊ အားငယ်တဲ့ အချိန်တွေမှာ ဒါကိုကြည့်ပြီး စိတ်အားတက်ရအောင်လည်း ပါပါတယ်။ သခင်ယေရှုကို ချီးမွမ်းထားတာပေါ့။■ မေး - မိသားစုဘဝနဲ့ ပတ်သက်လို့လည်း ပြောပြနိုင်သလောက် ပြောပြပါဦး။ဖြေ - သမီးလေးကလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်တယ်။ ညီမတို့က သူဖြစ်ချင်တဲ့အရာကို အကောင်းမွန်ဆုံးဖြစ်အောင် လုပ်သွားပေးဖို့ ရှိပါတယ်။ သူ့အဖေနဲ့ဆိုလည်း အနေဝေးရင်သာ ဝေးနေမယ်။ ကလေးအတွက် ဆိုရင်တော့ နှစ်ယောက်လုံးက တက်ကြွမှု ရှိပါတယ်။ အကောင်းဆုံးတွေ ဖြည့်ဆည်းပေးသွားဖို့ စဉ်းစားထားပါတယ်။■ မေး - သမီးမိခင်တစ်ယောက် အနေနဲ့ ကိုယ်လုပ်တဲ့ ကိစ္စတိုင်းမှာ ထည့်ပြီးစဉ်းစားဖြစ်တာမျိုးရှိလား။ဖြေ - ရှိပါတယ်။ အခုတစ်နှစ်လောက် အတွင်းမှာ ပိုစဉ်းစားဖြစ်လာတယ်။ လျှော့သင့်တာလျှော့ပေါ့။ အဲဒီလို ပိုစဉ်းစားဖြစ်လာတယ်။■ မေး - ပရိသတ် အားပေးမှု များလာတာနဲ့အမျှ တာဝန်ယူမှု ပိုကြီးလာတယ်လို့ရော ထင်လား။ဖြေ - ပရိသတ်တွေက အားပေးလာတဲ့အတွက် အများကြီး တာဝန်ကြီးလာပါတယ်။ ပရိသတ် အတွက်ကို အကောင်းဆုံးတွေပဲ ပေးချင်လာတယ်။■ မေး - လတ်တလော အနုပညာ လှုပ်ရှားမှုဆိုရင်ရော။ဖြေ - လတ်တလောကတော့ ကြော်ငြာနဲ့ ဓာတ်ပုံရိုက်တွေ အများကြီး ကမ်းလှမ်းထားပါတယ်။ ဆက်တိုက်လုပ်ဖြစ်သွားမှာပါ။■ မေး - ၂၀၁၆ မှာ အနုပညာ အလုပ်တွေ ပိုလုပ်ဖြစ်တယ်ဆိုတော့ ဒီနှစ်က ညီမလေးအတွက် ကံကောင်းတဲ့နှစ် တစ်နှစ်လို့ ဆိုနိုင်မလား။ဖြေ - ဒီနှစ်က ကံကောင်းခြင်းတွေ အများကြီး ရောက်လာတယ်လို့ ထင်ပါတယ်။ အကောင်းဆုံးတွေ ရောက်လာသလို အကောင်းဆုံးတွေ ပြန်ပေးနိုင်ဖို့လည်း ကြိုးစားသွားမှာပါ။ အနုပညာ အလုပ်အတွက် ကမ်းလှမ်းမှုတွေလည်း အများကြီးခံရတဲ့အတွက် ကြိုးစားဖို့ အခွင့်အလမ်းတွေလည်း ပိုလာပါတယ်။■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။ဖြေ - ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့ မေတ္တာကိုရတဲ့ အချိန်ကျတော့ ခွန်အားတွေလည်း အများကြီးရတယ်လို့ ပြောချင်ပါတယ်။









