တိုင်းရင်းသားများနှင့် ညီညွတ်မှု၊ ယုံကြည်မှု မရသမျှ တိုင်းပြည်အေးချမ်းမည် မဟုတ်၍ ၂၁ ရာစု ပင်လုံညီလာခံတွင် ငြိမ်းချမ်းရေးအမြင်၊ အတွေးအခေါ်၊ အပြောအဆိုများ ပြိုင်တူဆောင်ရွက်ကြရန် သူရဦးတင်ဦး တိုက်တွန်း

တိုင်းရင်းသားများနှင့် ညီညွတ်မှု၊ ယုံကြည်မှု မရသမျှ တိုင်းပြည်အေးချမ်းမည် မဟုတ်၍ ၂၁ ရာစု ပင်လုံညီလာခံတွင် ငြိမ်းချမ်းရေးအမြင်၊ အတွေးအခေါ်၊ အပြောအဆိုများ ပြိုင်တူဆောင်ရွက်ကြရန် သူရဦးတင်ဦး တိုက်တွန်း
Published 29 August 2016
ဝီရမိုးနေ

တိုင်းရင်းသားများနှင့် ညီညွတ်မှု၊ ယုံကြည်မှု မရသမျှ ကာလပတ်လုံး တိုင်းပြည်အေးချမ်းမည် မဟုတ်သောကြောင့် ငြိမ်းချမ်းရေးအမြင်၊ အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်များကို ပြိုင်တူဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦးက သြဂုတ် ၂၉ ရက်တွင် တိုက်တွန်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံအား ဂုဏ်ပြုကြိုဆိုထောက်ခံပွဲတွင် ငြိမ်းချမ်းရေး အမှာစကား ပြောကြားရာ ၎င်းကထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးတင်ဦးက “ဒီနေ့ဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ညီညွတ်မှု၊ ယုံကြည်မှု မရသမျှကာလပတ်လုံး တိုင်းပြည်က အေး ချမ်းမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီပင်လုံ ညီလာခံဟာ တိုင်းရင်းသားများအားလုံး အတွက် ယုံကြည်မှုရအောင်၊ နောက်ပြီးတော့မှ ရှေ့ဆက်ပြီးတော့ စိတ်တူသဘောတူ အားလုံးသွားပြီးတော့ ငြိမ်းချမ်းအောင်လုပ်နိုင်ဖို့ ငြိမ်းချမ်းရေးအမြင်၊ ငြိမ်းချမ်းရေးအတွေး အခေါ် အပြောအဆို၊ ငြိမ်းချမ်းရေးအလုပ် အကိုင်ကို ပြိုင်တူဆောင်ရွက်ကြဖို့ လိုပါတယ်။ အဖွဲ့ချုပ်စတင်ဖွဲ့စည်းတုန်းကလည်းပဲ အဖွဲ့ချုပ်ရဲ့မူကိုက တစ်ယောက်နဲ့တစ်ယောက် စိတ်ထားသဘောထား ကြီးစွာထားပြီးတော့ ပိုမိုပြီးပွင့်လင်းစွာ ဆက်ဆံနိုင်ပြီးတဲ့နောက် ငြိမ်းချမ်းတဲ့နည်းကို ကျင့်သုံးပြီးတော့ ဆက်လက်ပြီး ကျွန်တော်တို့ စေ့စပ်ဆွေးနွေး ရင်ကြားစေ့နိုင်မယ့်နည်း၊ ပိုမိုပြီးတော့ သဟဇာတ ဖြစ်အောင် လုပ်နိုင်မယ့်နည်းတွေ ဒါတွေကို အခြေခံပြီးတော့ ဒီနည်းအတိုင်းပဲ ကျင့်သုံးသွားခြင်းအားဖြင့် ရှေ့ဆက်ပြီး အောင်မြင်မှာ ဖြစ်ပါတယ်” ဟု တိုက်တွန်းသည်။
ငြိမ်းချမ်းရေးဟု ခေါ်ဆိုရာတွင် ငြိမ်းချမ်း ရေး၏နောက်၌ တစ်ဦးနှင့်တစ်ဦး သံသယစိတ်များ ပါလာသောကြောင့် လည်းကောင်း၊ တစ်ဖက်တွင် ဆွေးနွေးသူက မိမိတို့လုပ်နိုင်သမျှ ချဲ့ထွင်လုပ်ကိုင်သွားမည်ဆိုသည့် စိတ်ရှိနေပြီး တစ်ဖက်တွင် တာဝန်ရှိသူများက အဆိုပါ လုပ်ဆောင်မှုများသည် အနှောင့်အယှက် ဖြစ်စရာ ကိစ္စဟု သံသယများ ရှိသောကြောင့်လည်းကောင်း အောင်မြင်မှုအတွက် အားနည်းချက်များ ဖြစ်စေသည်ဟု သူရဦးတင်ဦးက ဆိုသည်။
“ပြီးတော့ အဲဒီဟာနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဆက်လက်ပြီးတော့ သူတို့လုပ်ကိုင်ပေးရမယ့် နိုင်ငံတော် တည်ဆောက်မှုဟာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုအနေအထား ကဏ္ဍမျိုးမှာ ရှိသလဲဆိုတဲ့ ဟာတွေရဲ့အတွေးတွေက သူတို့မှာရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့တော့ ဒီလို အခါမျိုးမှာ မေတ္တာရပ်ခံချင်ပါတယ်။ အခု နှစ်ပေါင်းလည်းကြာပါပြီ။ ကျွန်တော်တို့နိုင်ငံ ကလည်းပဲ အရင်တုန်းက အများတကာ ဂုဏ် ပြုလေးစားရတဲ့ နိုင်ငံကနေပြီးတော့ ဒီနေ့ ဂုဏ်ချနှိမ့်ပြုပြီးတော့ခံရတဲ့ နိုင်ငံမျိုးရောက် နေပါပြီ။ အဲဒါကြောင့်မို့လို့ သနားစရာကောင်း တာကတော့ နောင်လာနောက်သား  ပေါက် ဖွားလာမယ့် သားသမီးတစ်စု မျိုးစုအလိုက်မျိုးစုအလိုက်မှာတော့ သူတို့ကိုတော့ အေးချမ်း ပါတယ် ငြိမ်းချမ်းပါတယ်။ သူတို့နဲ့ပတ်သက် လို့ လူသားတစ်ယောက်အနေနဲ့ လူသားရဲ့ ဂုဏ်ကို ပြည့်ဝစွာရရှိစေပါတယ်ဆိုတဲ့ ဂုဏ် ကို စိတ်ချနိုင်အောင် လုပ်ကိုင်ပေးသွားကြဖို့ အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက “ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှုကို ဆောင်ရွက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တိုင်းပြည်ကြီး ဒီလိုငြိမ်းချမ်းမှသာလျှင် တိုင်းပြည်ကြီးဟာ တိုးတက်ဖွံ့ဖြိုးမယ် ဆိုပြီးတော့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဦးတည်ချက်အတိုင်းပဲ ကျွန်တော်တို့လည်း ဒီကိစ္စကို သိတဲ့အခါမှာ ဒီလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဂုဏ်ပြု ကြိုဆိုထောက်ခံပွဲ ကျွန်တော်တို့သည် ရန်ကုန် တိုင်းဒေသကြီးမှာဖြစ်တဲ့အတွက်ကြောင့်၊ ရန်ကုန်တိုင်းဒေသကြီးဟာ လူဦးရေ ခြောက်သန်းရှိပြီးတော့ မြန်မာနိုင်ငံရဲ့ ၁၄ ရာခိုင်နှုန်း လောက်နေတဲ့ လူဦးရေရှိတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့သည်လည်း ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာလည်း ဒီလိုမျိုး ထောက်ခံကြိုဆို ပေးပြီးတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်သွားနေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ ပံ့ပိုးရမယ်ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ဒီပွဲကြီးကို ကျွန်တော်တို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်ထွန်းက “ကျွန်တော်တို့ တပ်မတော်သား အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီငြိမ်းချမ်းရေးဟာ အလိုချင်ဆုံးဖြစ် မှာပေါ့။ ကျွန်တော်ဆိုရင် ၁၉၈၆ ခုနှစ်က တည်းက တပ်ထဲဝင်တာ။ ဘာပဲပြောပြော နှစ် ၃၀ လောက်ရှိပါပြီ။ ရှေ့တန်းမှာလည်း ကျွန် တော်တို့ တောက်လျှောက်နေတာ။ ဘာပဲပြော ပြော ၂၁ ရာစုပင်လုံမှာ ကျွန်တော်တို့ တပ် မတော်သားတွေအနေနဲ့ တစ်တပ်တစ်အား ပါဝင်ပြီးတော့ ငြိမ်းချမ်းရေးကိုရချင်ပါတယ်။အလိုချင်ဆုံးလည်းဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က တကယ်လက်တွေ့ ရင်ဆိုင်နေရတဲ့အတွက် တပ်မတော်သားရဲ့ ဘဝကို အားလုံးက ရှေ့တန်းမှာလည်း ရင်ဆိုင်ဖြတ်သန်း လာရတဲ့အတွက် ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ တပ်မတော်သားတွေ အလိုချင်ဆုံးပဲဖြစ်မှာပါ။ အခုလက်ရှိမှာလည်း ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နေပါတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအား ဂုဏ်ပြုကြိုဆို ထောက်ခံသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေး တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ငြိမ်းချမ်းရေး အမှာစကားများ ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။            

Most Read

Most Recent