ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ စီးနင်းမှုတွင် ဒါကာကော်ဖီဆိုင် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု ယူဆရသူကို သတ်ဖြတ်နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ စီးနင်းမှုတွင် ဒါကာကော်ဖီဆိုင် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု ယူဆရသူကို သတ်ဖြတ်နိုင်ခဲ့
Published 27 August 2016

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့သည် သြဂုတ် ၂၇ ရက်တွင် ဒါကာမြို့ပြင်ရှိ စစ်သွေးကြွတို့ ပုန်းနေသည့် နေရာတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ရာ ဒါကာရှိ ကော်ဖီဆိုင်အား တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု ယူဆရသူ အပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွ သုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒါကာတောင်ဘက် ၂၅ ကီလိုမီတာ (၁၆ မိုင်) အကွာရှိ နာရာယန်ဂန်မြို့တွင် ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း စစ်သွေးကြွများနှင့် တစ်နာရီကြာ တိုက်ခိုက်မှု အပြီး အလောင်းသုံးလောင်းကို ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“တာမင်ချောင်ဒရီ သေဆုံးခဲ့ပါတယ်။ သူက ဂူရှန်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူပါ။ ပြီးတော့ JMB (Jamayetul Mujahideen Bangladesh) အဖွဲ့ခေါင်းဆောင်ပါ” ဟု ရဲတပ်ဖွဲ့ ထိပ်တန်း တာဝန်ရှိသူ ဆန်ဝါဟူစိန်က ပြောကြားခဲ့သည်။ ကော်ဖီဆိုင် တိုက်ခိုက်မှုအပြီး တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့  အနောက်နိုင်ငံမှ ရာထူးအမြင့်ဆုံး တာဝန်ရှိသူ သွားရောက်မှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မလာရောက်မီ နှစ်ရက်သာ အလိုတွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ စီးနင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် ကယ်ရီတို့ တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တန်ပြန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကနေဒါမှ ပြန်လာခဲ့သော ဘင်္ဂလားဒေ့ရှ်-ကနေဒါ နိုင်ငံသားဖြစ်သည့် အသက် ၃၀ ရှိ ချောင်ဒရီသည် ပြီးခဲ့သောလတွင် ဒါကာရှိ ကော်ဖီဆိုင်ကို တိုက်ခိုက်မှုတွင် ကြိုးကိုင်ခဲ့သည့် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က အစောပိုင်းတွင် စာရင်းသွင်းခဲ့သည်။ ယခု စီးနင်းမှုအတွင်း စစ်သွေးကြွများသည် လက်နက် မချခဲ့ကြောင်း၊ ၎င်းတို့က ရဲတပ်ဖွဲ့ထံ လက်ပစ်ဗုံး လေးလုံးမှ ငါးလုံးအထိ ပစ်ခဲ့ပြီး အေကေ ၂၂ ရိုင်ဖယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရဲချုပ် အေကေအမ်ရှာဟီဒူဟော့က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးခဲ့သည့် အစွန်းရောက်သုံးဦးအနက် တစ်ဦးသည် တာမင်ချောင်ဒရီ၏ ဓာတ်ပုံထဲမှ တစ်ဦးနှင့် အတိအကျ တူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ချောင်ဒရီကို ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးသူများကို ဆုငွေ တာကာနှစ်သန်း (ဒေါ်လာ ၂၅၀၀၀) ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သြဂုတ် ၂ ရက်တွင် ကြေညာခဲ့သည်။
ဇူလိုင် ၁ ရက်က ဒါကာမြို့ရှိ ကော်ဖီဆိုင်ကို သေနတ်သမားငါးဦးက စီးနင်းတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ဓားစာခံ အများစု အပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ရပြီး ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အစိုးရတို့က အလျင်အမြန် ပယ်ချခဲ့ပြီး ချောင်ဒရီ ဦးဆောင်သော JMB ၏ အဖွဲ့ခွဲသစ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းစစ်သွေးကြွ အဖွဲ့ဖြစ်သော JMB သည် ပြီးခဲ့သော သုံးနှစ်အတွင်း နိုင်ငံခြားသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစု အဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ရမှုများအတွက် တာဝန်ရှိသည်ဟု အပြစ်တင် ခံထားရသည်။
Ref: AFP