မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း ...

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း ...
Published 17 August 2016

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး
မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က အကြံပြုဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က နေပြည်တော်တွင် သြဂုတ် ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး တင်သွင်းထားသည့် “ကျေးလက်နေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက အထွက်နှုန်း မြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရဲ့ အရေးကြီးလှတဲ့ စိုက်ပျိုးရေးကဏ္ဍကို ချေးငွေဝန်ဆောင်မှု ပေးနေတဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဟာ မိမိရဲ့ ချေးငွေဝန်ဆောင်မှုကို ယူကြတဲ့ Customer များရဲ့ လိုအပ်ချက်ကို ပြည့်ပြည့်၀၀ ပေးနိုင်ဖို့ အပ်နှံငွေများလက်ခံပြီး စိုက်ပျိုးစရိတ်ချေးငွေများ လုံလုံလောက်လောက် ထုတ်ပေးနိုင်တဲ့ တင်းပြည့်ကျပ်ပြည့် ဘဏ်ဖြစ်ဖို့ လိုအပ်နေပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုး တိုးတက်ရေး ဘဏ်အနေနဲ့ ထုတ်ချေးနိုင်တဲ့ ငွေပမာဏ၊ အချိန်အတိုင်းအတာနဲ့ ချေးငွေအမျိုးအစားတို့ဟာ စိုက်ပျိုးတောင်သူတွေ အပါအဝင် စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံး တိုးတက်ဖွံ့ဖြိုးဖို့အတွက် တကယ်ပဲ ထိထိရောက်ရောက် ဝန်ဆောင်မှု ပေးနိုင်ပြီလား ဆိုတာကို အားမနာတမ်း ဆန်းစစ်သင့်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးပြောကြားသည်။
လက်ရှိအခြေအနေတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ချေးငွေ၏ ၈၈ ရာခိုင်နှုန်းသည် လယ်စိုက်တောင်သူများ အတွက်သာဖြစ်ပြီး လယ်သမား တစ်ဦးကိုလည်း ၁၀ ဧက အထိသာ ထုတ်ချေးနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော မွေးမြူရေးနှင့် ရေလုပ်ငန်းဈေးကွက် အလားအလာရှိပြီး တန်ဖိုးမြှင့် ထုတ်လုပ်နိုင်မည့် သစ်သီးဝလံ၊ ပန်းမန်များနှင့် စက်မှုသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့် ရရှိရေး စိုက်ပျိုးနည်းပညာသစ်များ စသည်တို့နှင့် ပတ်သက်၍ မထုတ်ချေးနိုင်သေးသည်ကို လေ့လာတွေ့ရှိရကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
အဆိုပါ လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးနိုင်ပါက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များကို တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားငွေများလည်း တိုးတက်ရရှိနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကျွန်မအထူးပြု ပြောလိုတာကတော့ လယ်စိုက်တောင်သူများအပြင် စိုက်ပျိုးရေးနဲ့ ဆက်နွှယ်လုပ်ကိုင်ကြတဲ့ ပြည်သူများကို ချေးငွေလုံလောက်စွာ ရရှိပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အပြင် ချေးငွေဝန်ဆောင်မှုဈေးကွက် ဖြစ်ထွန်းလာစေဖို့ အခြားနည်းလမ်းများဖြင့်လည်း ဖန်တီးပေးစေလိုပါတယ်။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာဖို့ မြန်မာ့လယ် ယာဖွံ့ဖြိုးတိုးတက်မှုအပြင် ပုဂ္ဂလိကကဏ္ဍ အသေးစား ချေးငွေဈေးကွက် ပိုမိုအားကောင်း လာဖို့နဲ့ စိုက်ပျိုးရေး အာမခံ ဈေးကွက်တွေကို ဖော်ထုတ်ပြီး စိုက်ပျိုးရေး ချေးငွေများ မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တစ်ခုတည်းကို အလွန်အမင်း အားထားမှုမှ တဖြည်းဖြည်း လျှော့ချနိုင်ဖို့ အစီအစဉ်ချမှတ် ဆောင်ရွက်သင့်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဆိုသည်။
အဆိုနှင့် ပတ်သက်၍ “ပြည်တွင်းမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေ သယ်ရတာ ခက်ခဲနေပေမယ့် ကျွဲ၊ နွား မှောင်ခိုတွေကတော့ တစ်ဖက်နိုင်ငံကို ထွက်နေပါတယ်။ ဒီလိုဖြစ်နေမယ့်အစား ဌာနဆိုင်ရာ ကြိုးနီစနစ်တွေကိုလျှော့ပြီး ပြည်တွင်းသယ်ယူရ လွယ်ကူခြင်း၊ မြို့ကြီးများနှင့် နယ်စပ်မြို့တွေမှာ အရှင် ဈေးကွက်တွေ ထားပေးခြင်းဖြင့် နိုင်ငံအတွက် အခွန်ရရှိစေမှာ ဖြစ်ပါတယ်” ဟု မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက ဆွေးနွေးပြောကြားသည်။
တောင်သူလယ်သမားသုံး ပစ္စည်းကိရိယာများကို အခွန်မဲ့ သို့မဟုတ် အခွန်လျှော့ပေါ့ပြီး နိုင်ငံခြားမှ တင်သွင်းပေးစေလိုကြောင်း၊ အဓိက ပစ္စည်းများမှာ ထွန်စက်၊ ပိုးသတ်ဆေး၊ မြေသြဇာတို့ ဖြစ်ကြောင်း၊ ထွန်စက်၊ လှေ့စက်၊ ခြွေစက် အစရှိသည့် တန်ဖိုးကြီး အသုံးအဆောင်များကို ချေးငွေစနစ်ဖြင့် ရောင်းချခြင်း၊ အရစ်ကျ ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုကြောင်း ဒေါက်တာခင်မောင်သင်းက တင်ပြဆွေးနွေးသည်။
အဆိုနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက စိုက်ပျိုးရေး ချေးငွေများကိုလည်း လုံလောက်စွာ ထုတ်ချေးပေးစေလိုကြောင်း ဆွေးနွေးပြောကြား ခဲ့ကြသည်။
“ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက အထွက်နှုန်း မြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်စေမည့် အစီအမံများအား ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားပြီး လက်ရှိတွင် ငါးဦးဆွေးနွေးပြီးဖြစ်သည်။

Most Read

Most Recent