ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Kaspersky Lab မှ ကမ္ဘောဇဘဏ်သို့ နည်းပညာ ပံ့ပိုးကူညီရန် သဘောတူလက်မှတ် ရေးထိုး

ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Kaspersky Lab မှ ကမ္ဘောဇဘဏ်သို့ နည်းပညာ ပံ့ပိုးကူညီရန် သဘောတူလက်မှတ် ရေးထိုး
Published 16 August 2016
အောင်မြတ်ကို

ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီဖြစ်သည့် Kaspersky Lab မှ ကမ္ဘောဇဘဏ်သို့ လုံခြုံမှုဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီရန် သြဂုတ် ၁၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဇဘဏ်မှ သတင်းရရှိသည်။Kaspersky Lab ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် K Link မှ ကမ္ဘောဇဘဏ်၏ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ သဘောတူလက်မှတ် ရေးထိုးခြင်းကြောင့် ပိုမိုကောင်းမွန်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အတွေ့အကြုံများ၊ ဝန်ဆောင်မှုများကို Kaspersky Lab မှ ကမ္ဘောဇဘဏ်သို့ ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။Kaspersky Lab ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် K Link ကုမ္ပဏီမှ Managing Director ဒေါ်ယဉ်ဝင်းသူက “ကျွန်မတို့ K Link အနေနဲ့ ကမ္ဘောဇဘဏ် လီမိတက်တို့အကြား လက်မှတ်ရေးထိုးခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ အနေနဲ့ ပိုမို ကောင်းမွန်သော ဆိုက်ဘာလုံခြုံရေး စနစ်များ၊ ပိုမိုကောင်းမွန်သော နည်းပညာများဖြင့် ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။Global Cyber security Company ဖြစ်သည့် Kaspersky Lab သည် ၁၉၉၇ ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ကာ မော်စကို အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် Kaspersky Antivirus ကို ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ လက်ရှိ အချိန်ထိ အစိုးရ ဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များနှင့် လက်တွဲဆောင်ရွက်လျက် ရှိပြီး ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူပေါင်း သန်း ၄၀၀ ကျော်၊ နာမည်ကျော် အဖွဲ့အစည်းပေါင်း ၂၇၀၀၀၀ ကျော်ကို Specialised security solutions များဖြင့် ဝန်ဆောင်မှုပေးနေသည့် Antivirus software တစ်မျိုးဖြစ်သည်။K Link Company သည် Kaspersky Antivirus အား၂၀၀၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပြီး Kaspersky သုံးစွဲသူများကို လုံခြုံစိတ်ချရသည့် နည်းပညာ အသစ်များဖြင့် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ မြန်မာနိုင်ငံ အနှံ့တွင် ဘဏ်ခွဲပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခု ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် ပြည်တွင်း လက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲ အဝင်လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်လျက် ရှိသော ဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။