လက်ရှိအစိုးရသစ် လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား လုံးဝရပ်ဆိုင်းရန် အပြီးအပြတ် ဆောင်ရွက်သင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက သြဂုတ် ၁၁ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ဦးဂျေယောဝူက “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လုံးဝကိုရပ်ဆိုင်းသင့်တယ်။ အစိုးရအနေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံပြီး အပြီးအပြတ်ရှင်းတာ ကောင်းပါတယ်။ အဖြူအမည်း ကွဲပြားအောင် လုပ်သင့်နေပြီ။ လုံးဝအပြီးအပိုင် ရပ်ဆိုင်းပြီးမှ သူတို့ကို ပြန်ခိုင်းလိုက်ပေါ့။ ရပ်ဆိုင်းလို့ လျော်ရမယ်ဆိုရင်လည်း သက်ဆိုင်တဲ့သူတွေ လျော်ပါစေလေ။ ဒါက ကျွန်တော့်အမြင်ပါ။ မြစ်ဆုံကို လုပ်ခဲ့တဲ့သူတွေ၊ စခဲ့တဲ့သူတွေမှာ တာဝန်ရှိတယ်” ဟု ပြောကြားသည်။
ယခု အစိုးရသက်တမ်း အတွင်းတွင် မြစ်ဆုံစီမံကိန်းအား အပြီးအပြတ် ရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ရပ်ကို ရပ်ဆိုင်းသင့်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဂျေယောဝူက ဆက်လက် ပြောကြားသည်။
“ကချင်ဒေသခံတွေ အနေနဲ့ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာကိုပဲ ခံစားရတာတွေများတယ်။ သစ်ပင်ပန်းမန်တွေ၊ သစ်ငုတ်တိုတွေကအစ၊ နောက်ပြီး ဒေသခံတွေပါ တရုတ် ပြည်ကိုပါသွားတာတွေ အများကြီးရှိ ပါတယ်။ အဲဒီလို အချိန်လေးမှာ တောင်သူတို့က အချုပ်အခြာ အာဏာရသွားတဲ့ သဘောဖြစ်နေတယ်။ မြစ်ဆုံရေကာတာကြီး ပြီးသွားရင် ပိုဆိုးသွားမှာပေါ့။ အဆင်မပြေဘူးဆိုရင် ဖောက်ချင်ဖောက်၊ ခွဲချင်ခွဲနဲ့ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လို့ ရသွားပြီလေ။ ဒါဆိုရင် အချုပ်အခြာက တစ်စိတ်တစ်ဒေသ မဟုတ်တော့ဘူး။ လုံးဝရောက်သွားတဲ့ သဘော ဖြစ်သွားမယ်။ ဧရာဝတီမြစ်ရိုး တစ်လျှောက်မှာ နေထိုင်သူတွေက အများကြီးပါ။ ဒါကြောင့်မို့ လုံးဝကို ရပ်ဆိုင်းသင့်တယ်။ အခုချိန်မှာ အစိုးရကလည်း ဒါကို ကိုင်တွယ်ရတော့မယ်။ ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အစိုးရသစ်အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေပါတယ်” ဟု ဆက်လက်ပြောကြားသည်။
မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပြီး မြစ်ဆုံဒေသတွင် ရှိနေသည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်သွားစေရမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အခုကြားနေရတာကတော့ မြစ်ဆုံဒေသမှာ ၁၄၄ ထုတ်ထားတယ်။ လိုဏ်ခေါင်းကြီးတွေ ရှိနေတယ်လို့ ကြားတယ်။ ကျွန်တော်တို့လည်း မရောက်နိုင်ပါဘူး။ အပြင်လူတွေ ဝင်လို့မရဘူး။ သူတို့တွေဘာ တွေလုပ်နေလဲဆိုတာ ဘယ်သူမှ မသိရဘူး။ တရုတ်လူမျိုး ၁၅၀၀ လောက်ရှိတယ်လို့ ကြားရတယ်။ အဲဒီဒေသကို သူတို့က အပိုင်စီးထားပြီး ဒေသခံတွေ ဝင်လို့မရဘူးဆိုတာ မဖြစ်သင့်ဘူးလေ။ မြစ်ဆုံမှာရှိတဲ့ အဖိုးတန် တွင်းထွက်တွေ ဘယ်လောက် ဆုံးရှုံးနေပြီလဲဆိုတာ ဘယ်သူမှ မသိရဘူး။ အဲဒီစီမံကိန်း စလုပ်နေတုန်းကလည်း သစ်ပင်၊ ပန်းမန်တွေအပြင် သဲကအစ တရုတ်နိုင်ငံဘက်ကို ယူသွားတယ်။ ကိုယ့်နိုင်ငံက အရှုံးချည်းပဲ ဖြစ်နေတယ်” ဟု ဦးဂျေယောဝူက ပြောကြားသည်။
ထို့ပြင် ကချင်ပြည်နယ်တွင်ရှိသည့် ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများမှ သစ်ခိုးထုတ်မှုများ ရှိနေကြောင်း၊ လွန်စွာတန်ဖိုးရှိသည့် ရှားပါးသည့် သစ်မင်းပင်များပါ ခိုးထုတ်နေကြောင်း၊ တန်ဖိုးရှိ သစ်များ ကုန်သလောက် ဖြစ်နေသည့်အပြင် တောင်များသည်လည်း တောင်ကတုံး ဖြစ်နေပြီ ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက “မြစ်ဆုံနဲ့ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ လုပ်သင့်တယ်ဆိုတဲ့ အပိုင်းရယ်၊ မလုပ်သင့်ဘူးဆိုတဲ့ အပိုင်းရယ်ဆိုပြီး နှစ်ပိုင်းရှိနေတာပေါ့။ လုပ်သင့်တယ် ဆိုရင်လည်း ပြည်သူတွေအတွက် လုံခြုံအောင် လုပ်ရမယ်။ ပြည်သူတွေကတော့ မြစ်ဆုံဆိုတာနဲ့ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာရှိတယ်။ နောင်လာ နောက်သားတွေအတွက် အဓိက စဉ်းစားရမယ်။ အရင်လုပ်ခဲ့ကြတဲ့ ကာလတုန်းက ကိုယ်ကျိုးလောက်ပဲ ကြည့်ပြီးလုပ်ခဲ့ကြတာကိုး။ အဲဒါ ကြောင့် မျက်စိနဲ့မမြင်နိုင်တဲ့ ပြဿနာတွေ ရှိခဲ့တယ်လေ။ သယံဇာတတွေ ဆုံးရှုံးခဲ့တာ အများကြီးပဲ။ ကျွန်တော့် အနေနဲ့တော့ လုပ်သင့်တယ်လို့လည်း မသုံးသပ်ဘူး။ မလုပ်သင့်ဘူးလို့လည်း မပြောချင်ဘူး။ ရေရှည် အကျိုးစီးပွားကို ကြည့်ပြီးတော့ ဆုံးဖြတ်သင့်တယ်လို့ထင်တယ်။ ဘယ်လိုလုပ်သင့်တယ် ဆိုတာကတော့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က သုတေသန လုပ်ရမှာပေါ့။ လုပ်သင့်တဲ့ အပိုင်းကလည်း မှန်တယ်။ မလုပ်သင့်တဲ့ အပိုင်းကလည်း မှန်တယ်လို့ သုံးသပ်ချင်ပါတယ်။ ရေအရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်တယ် ဆိုရင်တော့ အချိန်တိုအတွင်းမှာ တိုင်းပြည်က တိုးတက်လာမှာပါ။ အရင်လိုပဲ ဒုံရင်းဒုံရင်းပဲ သွားနေမယ် ဆိုရင်တော့ ပိုဆိုးသွားဖို့ပဲ ရှိမှာပါ။ နစ်နာပြီးရင်း နစ်နာမှာပဲ။ ပြီးခဲ့တဲ့ကိစ္စတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့။ ဒီကိစ္စက ငါးနှစ်နဲ့ပြတ်မယ့်ကိစ္စ မဟုတ်ဘူး။ နောင်အတွက် ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတာ စဉ်းစားရမှာပါ။ ဘယ်အစိုးရပဲတက်တက် လမ်းစဉ်ကောင်း ချထားဖို့တော့ လိုမှာပေါ့။ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ဖို့ လိုတာပေါ့။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ရဖို့လည်း လိုတာပေါ့” ဟု ပြောကြားခဲ့သည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းရပ်ဆိုင်းရန် ပြည်သူများ၏ တောင်းဆိုမှုများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရ လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
သြဂုတ် ၁၂ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်နှင့် စပ်လျဉ်း၍ လေ့လာစိစစ်သုံးသပ် တင်ပြနိုင်ရန် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အစိုးရသစ် လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား လုံးဝရပ်ဆိုင်းရန် အပြီးအပြတ် ဆောင်ရွက်သင့်ကြောင်းနှင့် ရေရှည် အကျိုးစီးပွားအတွက် ဆုံးဖြတ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား