ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၇၀ ကျော်ဝင်ရောက်

ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၇၀ ကျော်ဝင်ရောက်
Published 11 August 2016

ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၇၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဇွန်လအထိ သုံးလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ဒေါ်လာ ၃ ဒသမ ၁၃၆ သန်း ရှိပြီး ဘဏ္ဍာနှစ်စ ဧပြီနှင့် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ဇွန်လ မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။ ဇူလိုင်လကုန်တွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၈၁ ဒသမ ၄၉၀ သန်းအထိ ရှိလာသဖြင့် ဇူလိုင်တစ်လတည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၇၈ ဒသမ ၃၅၄ သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လအတွင်း မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍတို့ရှိ လုပ်ငန်းကိုးခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လအတွင်း တရုတ်၊ ဘရူနိုင်း၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီး ယား၊ စင်ကာပူ၊ ထိုင်း၊  ယူကေ၊ ထိုင်ဝမ်တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုရှာဖွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍ ၁၁ ခု တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း ဝင်ရောက်ခဲ့သဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၄၇၀ ဒ သမ ၇၄၂ သန်းပိုမိုခဲ့သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၆၄၁၀၀ ဒသမ ၀၆၄ သန်း (၆၄ ဘီလျံကျော်) ရှိသည်။