တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ခက်ခဲလာနိုင်ကြောင်း ဂျပန်ဧကရာဇ်က ပြောကြား

တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ခက်ခဲလာနိုင်ကြောင်း ဂျပန်ဧကရာဇ်က ပြောကြား
သြဂုတ် ၁၀ ရက်က တိုကျိုတွင် ဂျပန်ဧကရာဇ် အကီဟီတို နိုင်ငံတော်မိန့်ခွန်း ပြောနေမှုကို ပြသမှုအား ကြည့်ရှုနေကြသူများ (photo: AFP)
သြဂုတ် ၁၀ ရက်က တိုကျိုတွင် ဂျပန်ဧကရာဇ် အကီဟီတို နိုင်ငံတော်မိန့်ခွန်း ပြောနေမှုကို ပြသမှုအား ကြည့်ရှုနေကြသူများ (photo: AFP)
Published 8 August 2016
Ref: AFP

ဂျပန်ဧကရာဇ် အကီဟီတိုက ၎င်း၏ အားနည်းလာသော ကျန်းမာရေးအခြေအနေသည် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ခက်ခဲလာနိုင်ကြောင်း သြဂုတ် ၈ ရက် က နိုင်ငံသို့ ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့ရာ အနာဂတ်တွင် ထီးနန်းစွန့်နိုင်ခြေရှိကြောင်း အချက်ပြခြင်း တစ်ခုဟု ရှုမြင်ခံခဲ့ရသည်။
“ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အခုအချိန်အထိ ထမ်းဆောင်လာခဲ့တဲ့ နိုင်ငံရဲ့သင်္ကေတတစ်ခုအဖြစ် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ခက်ခဲလာမှာကို ကျွန်တော် စိုးရိမ်ပါတယ်” ဟု အကီဟီတိုက နိုင်ငံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေလိုမျိုး မျိုးစုံတဲ့ အကန့်အသတ်တွေ ကြုံရတဲ့အချိန်တွေ ရှိပါတယ်” ဟု အသက် ၈၂ နှစ်ရှိ အကီဟီတိုက ပြောကြားခဲ့သည်။
ထီးနန်းစွန့်မှုဟူသော စကားလုံးကို လုံးဝမရည်ညွှန်းဘဲ အကီဟီတိုက သွယ်ဝိုက် ပြောကြားခဲ့သော်လည်း ၎င်း၏မှတ်ချက်များသည် နောက်ဆုံးတွင် ထီးနန်းစွန့်ရန် ဆန္ဒရှိကြောင်း အဓိပ္ပာယ်ဖြစ်သည်ဟု ဂျပန်အစိုးရ က ယူဆခဲ့သည်။ ယင်းအတွက်ကြောင့် လတ်တလောတွင် မရှိသေးသော လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် စတင်လုပ်ဆောင် ရမည်ဖြစ်သည်။
အကီဟီတို၏ နိုင်ငံတော်မိန့်ခွန်းကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အလျင်အမြန် တုံ့ပြန်ခဲ့ပြီး ဂျပန်အစိုးရသည် ဧကရာဇ်၏ မှတ်ချက်များကို အလေးအနက် ထားမည်ဟု ပြောကြားခဲ့သည်။ “ဧကရာဇ်ရဲ့ တာဝန်ဝတ္တရားတွေ၊ သူ့ရဲ့အသက်အရွယ်နဲ့ (အဲဒီတာဝန်ရဲ့) ဝန်ထုပ်ဝန်ပိုးတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ကျွန်တော်တို့တွေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ သေသေချာချာ ကြည့်ရှု လေ့လာရမယ်” ဟု အာဘေးက ပြောခဲ့သည်။
အကီဟီတိုက ၎င်းသည် အသက်အရွယ် ကြီးရင့်လာသောကြောင့် အဆောင်အယောင် ဖြစ်သော ဧကရာဇ်တာဝန် ဝတ္တရားများကို ထမ်းဆောင်နိုင်ရန် ခက်ခဲလာနေပြီး လာမည့် နှစ်အနည်းငယ်အတွင်း ထီးနန်းစွန့် ချင်ကြောင်း အတွင်းဝန်များကို ပြောကြားခဲ့သည်ဟု ပြီးခဲ့သောလတွင် သတင်းထွက်ခဲ့ပြီးနောက် ဧကရာဇ်၏ အနာဂတ်နှင့် ပတ်သက် ၍ ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်တွင် အင်အားပြင်းငလျင်၊ ဆူနာမီ နှင့် နျူကလီးယားဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီး ရက်ပိုင်းအတွင်း အကီဟီတိုက ဂျပန်သည် ဒုတိယကမ္ဘာစစ်အလွန်တွင် အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံကို တည်ငြိမ်မှုရှိစေရန် နိုင်ငံသို့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောခဲ့ပြီးနောက် ယခုမိန့် ခွန်းသည် ဒုတိယမြောက် နိုင်ငံတော်မိန့်ခွန်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဧကရာဇ်တာဝန်ကို အကီဟီတိုက လိုလိုလားလားလက်ခံခဲ့ပြီး ၎င်း၏ ဖခင်လက်ထက် တိုက်ခိုက်ခဲ့သော စစ်ပွဲအမွေကို ဆက်ခံခဲ့ကာ ပြည်တွင်း၊ ပြည်ပ၌ ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းခဲ့သည်။ အကီဟီတို၏ ထီးနန်းစွန့် ရန်ဆန္ဒရှိမှုကို ပြည်သူများကလည်း ကျယ် ကျယ်ပြန့်ပြန့်ထောက်ခံခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် ကျိုဒိုသတင်းဌာနက ကောက် ယူခဲ့သည့် စစ်တမ်းတစ်ခု၌ ဖြေဆိုသူ ၈၅ ဒသမ ၇ ရာခိုင်နှုန်းအ ထိက ဘုရင်ထီးနန်း စွန့်မှုကို ခွင့်ပြုသောဥပဒေများ ရေးဆွဲရန် ထောက်ခံခဲ့ကြသည်။    

Most Read

Most Recent