ယခုအစိုးရလက်ထက် စီးပွားရေးလုပ်ဆောင်ရန် အကောင်းဆုံးငါးနှစ် ဖြစ်လာနိုင်သဖြင့် လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ်ကာ FMI ရှယ်ယာ တစ်စု ၁၃၅ ကျပ်သာပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်း တိုးချဲ့မည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။
၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် အမြတ် ၁၃၅ ကျပ်သာ ပေးခဲ့ခြင်းကြောင့် ဘဏ်တိုးနှုန်းထက်ပင် နည်းနေသည်ဟု ဝေဖန်ခံနေရသည့် ယခုနှစ် အမြတ်ငွေရှယ်ယာတစ်စု ၁၃၅ ကျပ်သာ ပေးအပ်ခဲ့မှုမှာလည်း ယခင်ကကဲ့သို့ အခြေအနေ မဟုတ်သည့်အတွက် လုပ်ငန်းများ ထပ်မံရင်းနှီးမြှုပ်နှံရန် ၁၃၅ ကျပ်သာ ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးသိမ်းဝေက ပြောကြားသည်။
“နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ လူအများစိတ်ဝင်စားတဲ့ အမြတ်ငွေပါပဲ။ ရှယ်ယာတစ်စုကို အမြတ်ငွေ ၁၃၅ ကျပ်။ တော်တော် များများကတော့ ပိုရချင်တဲ့စိတ်ရှိတာ ကျွန်တော်နားလည်ပါတယ်။ အရင်တုန်းက ၂၃ နှစ်မှာ တစ်နှစ်မပျက် ပေးခဲ့ပါတယ်။ ပိုလည်းပေးခဲ့ပါတယ်။ သို့သော် ဒီနှစ်မှာ ကျွန်တော်တို့ ၁၃၅ ကျပ်ပဲပေးမယ့် ဆုံးဖြတ်ချက်က ဘယ်ပေါ်မှာ မူတည်လဲဆို တော့ နံပါတ် (၁) ကျွန်တော်တို့ အုပ်ချုပ်မှုအဖွဲ့ အမြင်အရ လာမယ့်ငါးနှစ်သည် ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ အကောင်းဆုံး ငါးနှစ်လို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် လုပ်သင့်တဲ့ လုပ်ငန်းတွေကို အများကြီး ပေါ်ပေါက်လာပြီး အခုတောင် အများကြီး စပြီးလုပ်ငန်းတေ ွစီစဉ်နေတာကို ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ အဲဒီလိုကြောင့် ကျွန်တော်တို့ ကုမ္ပဏီတွေမှာ အမြတ်ငွေကို များများစုထားပြီး လုပ်ငန်းကို တိုးချဲ့ဖို့ အဓိက ရည်ရွယ်တာပါ” ဟု ဦးသိမ်းဝေက ပြောကြားသည်။
လက်ရှိအစိုးရ၏ ရက် ၁၀၀ စီမံချက် အတွင်း မြန်မာ့စီးပွားရေး တန့်နေသည်ဟု ဝေဖန်မှုများ ရှိနေခြင်း၊ စီးပွားရေးမူဝါဒသည် ယေဘုယျဆန်သည်ဟု ဝေဖန်ခြင်းများ ရှိနေသော်လည်း ဦးသိမ်းဝေအနေဖြင့် စီးပွားရေးကဏ္ဍ ကောင်းမွန်လာမည်ဟု ယုံကြည်နေသည့် အပြင် FMI ကုမ္ပဏီအနေဖြင့် မည်သည့် လုပ်ငန်းများတွင် စီးပွားရေး တိုးချဲ့မည်ဆိုသည်ကိုပင် လေ့လာပြီးဖြစ်ကြောင်းနှင့် FMI က တိုးချဲ့မည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး မကြာမီ ကြေညာမည်ဖြစ်ကာ ယခုငါးနှစ်သည် စီးပွားရေးကဏ္ဍလုပ်ရန် အကောင်းဆုံး ငါးနှစ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။
“စီးပွားရေးရဲ့ အနာဂတ်ကို ဘယ်လို မြင်လဲဆိုတဲ့မေးခွန်းကို ကျွန်တော် အမြဲမေးခံရပါတယ်။ အထွေအထူး ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ အင်မတန်ကို စိတ်တက်ကြွပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျွန်တော်မြင်လာပါတယ်။ ဒီအစိုးရကို ပြည်သူလူထုအများက အားပေးထောက်ခံတာကို ကျွန်တော်တို့သိပါတယ်။ နိုင်ငံတကာမှာ အစိုးရကိုပြည်သူလူထုအများ ထောက်ခံတယ်ဆိုတာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် ပြိုင်ပွဲတွေမှာ နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းနဲ့ နိုင်သွားတဲ့ပါတီကတောင် အသံအကျယ်ကြီးနဲ့ အော်နေရင် ကျွန်တော်တို့ နိုင်ငံမှာတော့ ၉၅ ရာ ခိုင်နှုန်းနဲ့ နိုင်သွားတာ အင်မတန်တန်ဖိုးရှိတဲ့ အချက်တစ်ခုပါ။ ဒီ့ပြင် ကျွန်တော်တို့အစိုးရ အနေနဲ့ လက်လှမ်းမီတဲ့ မဟာဗျူဟာအုပ်ချုပ်မှုရဲ့ အခြေခံအုတ်မြစ် အချက်အလက်တွေက ကျွန်တော်တို့နိုင်ငံ ကျိန်းသေဆက်လက်ပြီးတော့ တိုးတက်ကြီးပွား သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် လာမယ့်ငါးနှစ်မှာ ကျွန်တော့်အနေနဲ့ လုပ်ငန်းကိုပိုမို တိုးချဲ့သွားမှာပါ။ လုပ်ငန်းကို ပိုမိုခိုင်မာဖို့ ဆက်လက်ပြီးတော့ လုပ်ရမယ့် အခြေအနေ ရောက်သွားပါပြီ။ ဒီငါးနှစ် အတွင်းမှာတော့ ကျွန်တော်ပြဿနာ သိပ်များမယ်လို့ မထင်ပါဘူး။ ငါးနှစ်ကုန်ဆုံးတဲ့ အချိန်မှာ နောက်ရွေးကောက်ပွဲလာတဲ့ အချိန်မှာ မဝေဖန်နိုင်တဲ့သူတွေ ပေါ်လာမှာ ကျိန်းသေပါတယ်။ ပြဿနာတွေလည်း ရှိပါမယ်။ ဒီအစိုးရရဲ့ ချို့ယွင်းချက် အနေနဲ့ ပြောတဲ့သူတွေ ရှိပါမယ်။ ဒါပေမဲ့ လောလောဆယ်သည် ဒီငါးနှစ်အတွင်းမှာတော့ အကုန်လုံးက အဆင်ပြေပြီးတော့ အကုန်လုံးက ပြည်သူလူထုအားလုံး အစိုးရနဲ့အညီ ပူးပေါင်းပြီး နိုင်ငံကို တိုးတက်ဖို့ ကြိုးပမ်းကြမယ်လို့ ယုံကြည်လို့ စီးပွားရေးကဏ္ဍ ကောင်းလာမယ်လို့ ကျွန်တော်ယူဆပါတယ်။ စီးပွားရေး တိုးချဲ့တဲ့အချိန်မှာ ဘယ်ကဏ္ဍတွေကို စူးစမ်းရမလဲ ဆိုရင်တော့ ကျွန်တော်တို့ အစီအစဉ် ရှိပြီးသားကတော့ ခရီးသွားလုပ်ငန်း ကဏ္ဍပဲ ကျွန်တော်တို့ တိုးချဲ့ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒါကိုလည်း မကြာမီ သတင်းပေးဖို့ စီစဉ်ထားပါတယ်” ဟု ဦးသိမ်းဝေက ဆိုသည်။
လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ်ကာ FMI ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းကို တိုးချဲ့မည်ဖြစ်ကြောင်း ဦးသိမ်းဝေပြောကြား