FMI နှင့် သီလဝါရှယ်ယာများ ယခင်က နေ့စဉ်ကျပ်ဘီလျံနှင့်ချီ အရောင်းအဝယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၁ ရက်မှ စတင်ကာ နေ့စဉ် ကျပ်သိန်းတစ်ထောင်အောက်သာ အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သိရသည်။FMI နှင့် သီလဝါ ရှယ်ယာများအနေဖြင့် အရောင်းအဝယ် ဖြစ်ပေါ်မှုမှာ သြဂုတ် ၁ ရက်တွင် ကျပ်သိန်းတစ်ထောင်ကျော်နှင့် သြဂုတ် ၂ ရက်တွင် ကျပ်သိန်း ၁၁၀၀ ကျော်သာ ရောင်းချခဲ့ရပြီး သြဂုတ် ၃ ရက်တွင် ကုမ္ပဏီနှစ်ခုပေါင်းမှ ကျပ်သိန်း ၃၇၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်သည့်အထိ စံချိန်တင် ကျဆင်းခဲ့သည်။ သြဂုတ် ၄ ရက်တွင်မူ ကျပ်သိန်း ၇၀၀ ခန့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၅ ရက်တွင်လည်း နံနက်ပိုင်းတွင် ကျပ်သိန်း ၈၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရက်များတွင် FMI ရှယ်ယာတစ်စုလျင် ကျပ် ၁၉၅၀၀ နှင့် ကျပ် ၂၀၀၀၀ ခန့်တွင်သာ ဈေးနှုန်းဖြစ်ပေါ်နေပြီး သီလဝါ ရှယ်ယာတစ်စုလျှင် ကျပ် ၄၇၀၀၀ မှ ၄၈၀၀၀ ခန့်သာ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ်လတွင် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၂၄ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလတွင် ငါးဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ သီလဝါရှယ်ယာများ စတင်ရောင်းချခဲ့ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု နေ့စဉ် ကျပ်တစ်ဘီလျံကျော်ဖိုးအထက် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ပထမဆုံး စတော့ရှယ်ယာရောင်းချခွင့်ရ FMI ကုမ္ပဏီက မေ ၁၉ ရက်အထိ ကုမ္ပဏီတစ်ခုတည်း ပြိုင်ဘက်မရှိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။ FMI ကုမ္ပဏီအနေနှင့် ရက်သတ္တပတ်အတွင်း ၂၄ ဘီလျံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု ကျဆင်းသွားပြီး ငါးဘီလျံကျော်ဖိုးသာ ရောင်းချနိုင်ခဲ့သည်။ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၇၀၀၀ အကြားတွင် အစုရှယ်ယာပေါင်း ၁၈၂၇၅၇ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး မေလအတွင်း FMI ရှယ်ယာပေါင်း ၁၈၉၅၀၈ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ ၅ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ ဇွန်လတွင်မူ ပိုမိုကျ ဆင်းသွားပြီး ရှယ်ယာတစ်စုလျှင် ၂၀၀၀၀ အထိ ကျဆင်းသွားကာ အရောင်းအဝယ်ဖြစ်ပေါ်မှု ၁၁၈၅၅၀ စုသာဖြစ်ခဲ့ပြီး ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။မေ ၂၀ ရက်တွင် စတင်ရောင်းချသည့် သီလဝါ MTSH ရှယ်ယာများအနေဖြင့် ရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကာ အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၁၇၃၉၂၅ စုဖြင့် ကျပ် ၁၀ ဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ဇွန်လတွင် FMI ရှယ်ယာအဖွင့်ဈေးမှာ ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၂၇၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၂၀၀၀၀ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရေအတွက် ၁၁၈၅၅၀ ဖြင့် ၂ဒသမ၉ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး သီလဝါရှယ်ယာမှာ အဖွင့်ဈေး ၅၆၀၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံးကျပ် ၅၉၀၀၀ ဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့၍ အစုရှယ်ယာ အရေအတွက် ၇၄၀၄၂ ဖြင့် ၃ ဒသမ ၉ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ဇူလိုင်လတွင် FMI ရှယ်ယာအဖွင့်ဈေးမှာ ၂၂၀၀၀ ကျပ်ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၂၂၀၀၀ သာဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၁၉၀၀၀ အထိကျဆင်းခဲ့ပြီး အစုရှယ်ယာ အရေအတွက် ၆၉၆၆၃ ဖြင့် ၁ ဒသမ ၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး သီလဝါရှယ်ယာမှာ အဖွင့်ဈေး ကျပ် ၅၀၀၀၀ ရှိခဲ့ပြီး အမြင့်ဆုံး ကျပ် ၅၁၀၀၀ သာဖြစ်ခဲ့ကာ အနိမ့်ဆုံးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့သဖြင့် အစုရှယ်ယာ အရေအတွက် ၄၆၃၈၅ ဖြင့် ၂ ဒသမ ၃ ဘီလျံကျော်ဖိုးသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းနှင့် အရောင်းအဝယ် နည်းပါးရခြင်းမှာ စတော့ရှယ်ယာ ဈေးကစားသူများအား စုံစမ်းအရေးယူမည် ဆိုခဲ့ခြင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် FMI ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်မည်ဆိုခြင်းနှင့် သီလဝါရှယ်ယာတစ်စုလျှင် ၂၅၀၀ ကျပ်သာ အမြတ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အရောင်းအဝယ်ဖြစ်ပေါ်မှု နည်းပါးခဲ့ရသည့်အပြင် ကုမ္ပဏီများ၏ ဈေးကွက်ဆွဲတင်ထားမှုကြောင့် အမှန်ဖြစ်သင့်သည့် ဈေးများထက် ကျော်လွန်နေခြင်းကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှစတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလဝါရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ခြောက်ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ကာ ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည့် လစဉ်အရောင်းအဝယ် ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
FMI နှင့် သီလဝါရှယ်ယာများ ယခင်က နေ့စဉ် ကျပ်ဘီလျံနှင့်ချီ အရောင်းအဝယ်ဖြစ်ရာမှ သြဂုတ်လမှစ၍ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေါ်မှု အဆမတန် ကျဆင်းလာပြီး ကျပ်သိန်းတစ်ထောင် ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်နေ
ရန်ကုန်စတော့အိတ်ချိန်းအား လာရောက်လေ့လာကြည့်ရှု နေသူများကို တွေ့ရစဉ်