အများပိုင်ကုမ္ပဏီများအနေနှင့် အစုရှယ်ယာရောင်းချမှုများ ပြုလုပ်မည်ဆိုပါက ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) တွင် အတည်ပြု ချက် ရယူခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခြင်း လုပ်ဆောင်ပြီးမှ အစုရှယ်ယာ ဖိတ်ခေါ်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း DICA က သြဂုတ် ၂ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနေနှင့် လုပ်ငန်း စတင်ဆောင်ရွက်ခွင့်လက်မှတ် ရရှိရန် တင်ပြသည့်အခါ လုပ်ငန်းလမ်းညွှန်ချက်ရှင်းတမ်းကို မှတ်ပုံတင်၍ ထုတ်ပြန်ခြင်းမရှိပါက လုပ်ငန်းလမ်းညွှန်ချက်အစား အကြောင်းအရာဖော်ပြချက်ကို တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုပ်ငန်းစတင် ဆောင်ရွက်ခွင့်ရပြီး တစ်လထက် မစော၊ ခြောက်လထက် မပိုသော အချိန်တွင် ဥပဒေအရ ပြုလုပ်ရမည့် အစည်းအဝေးကျင်းပပြီး အစည်းအဝေး အစီရင်ခံစာကို အစည်းအဝေးကျင်းပပြီးနောက် ၂၁ ရက်အတွင်း DICA သို့ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချရာတွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ လုပ်ငန်းလမ်းညွှန်ချက် ရှင်းတမ်းအား တင်ပြအတည်ပြုချက် ရယူခြင်း၊ DICA တွင် မှတ်ပုံတင်ခြင်း လုပ်ဆောင်ပြီးမှ အစုရှယ်ယာ ဖိတ်ခေါ်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အများပိုင်ကုမ္ပဏီများအနေနှင့် ပထမအကြိမ် အထွေထွေအရပ်ရပ် အစည်းအဝေးကို ကုမ္ပဏီမှတ်ပုံတင်ခွင့် ပြုသည့်နေ့ မှ ၁၈ လအတွင်းတွင် လည်းကောင်း၊ နောင်လာမည့် နှစ်များအတွက် အစည်းအဝေးကို နှစ်စဉ် ၁၅ လထက် ကျော်လွန်ခြင်းမရှိ၊ ပြက္ခဒိန် နှစ်ကျော်လွန်စေမှု မရှိဘဲ ကျင်းပပြီး အစည်းအဝေးကျင်းပသည့်နေ့မှ ၂၁ ရက်အတွင်း ပုံစံ (i)၊ သမာ (E) ဖြင့် မှတ်ပုံတင်ကြေး ပေးသွင်းပြီး မှတ်ပုံတင်ရန်နှင့် ကုမ္ပဏီ၏ တစ်နှစ်အတွင်း အရောင်းအဝယ် အမြတ်အရှုံးစာရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစုရှယ်ယာများ ထုတ်ရောင်းနေသည့်၊ ရောင်းချရန် အစီအစဉ်ရှိသည့် အများပိုင်လုပ်ငန်းများအနေဖြင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ပါက ဥပဒေအရ အရေးယူသွားမည်ဟု ကော်မရှင်က ဇူလိုင် ၁၀ ရက်စွဲဖြင့် အသိပေး ကြေညာထားသည်။
ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေအရ တားမြစ်ချက်များကို သတ်မှတ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်များအပြင် ငွေဒဏ်များလည်း ပါဝင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးလည်း ပူးတွဲကျခံရနိုင်ကြောင်း သိရသည်။
SECM တွင် အတည်ပြုချက်ရယူခြင်း၊ DICA တွင် မှတ်ပုံတင်ခြင်း လုပ်ဆောင်ပြီးမှ အများပိုင်ကုမ္ပဏီများ အစုရှယ်ယာရောင်းချခြင်း ပြုနိုင်မည်ဟု DICA သတိပေး